မြောက်ကိုရီးယားနိုင်ငံသား ၁၈ ဦးကို တောင်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားနိုင်ငံသား ၁၈ ဦးကို နိုဝင်ဘာ ၆ ရက်နေ့မှာ တဖက်သတ် ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ အခုဒဏ်ခတ်ပိတ်ဆို့ခံရတဲ့လူတွေနဲ့ တောင်ကိုရီးယား ဘယ်နိုင်ငံသားမဆို ဘဏ္ဍာရေးဆက်ဆံမှု ပုံစံ အားလုံးကို တားမြစ် ပိတ်ပင်လိုက်တာပါ။ ဒါဟာ မြောက်ကိုရီးယားရဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ရပ်တန့်အောင် နိုင်ငံတကာက အားထုတ်မှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အခုဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ ၁၈ ဦးစလုံးဟာ မြောက်ကိုရီးယားဘဏ်တွေနဲ့ တိုက်ရိုက် ပတ်သက်သူတွေဖြစ်တယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတဦးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကြေညာချက်ကို တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားငွေလဲလှယ်မှု အဓိက အရင်းအမြစ်တွေကို ပိတ်ဆို့နိုင်မယ်လို့ တောင်ကိုရီးယား အစိုးရက မျှော်လင့်ထားကြောင်း တောင်ကိုရီးယားအစိုးရ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ခုလို ဒဏ်ခတ်ပြီး မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးရင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြသနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ဆက်အားထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားကို လာရောက်လည်ပတ်မယ့်ရက် မတိုင်ခင် တရက်မှာ ဒီကြေညာချက်ကို ထုတ်ခဲ့တာပါ။ ထရမ့်ဟာ ၁၂ ရက်ကြာ အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up