မိခင်ကို ရိုက်နှက်သည့် ပထွေးအား ရဲဒင်းရိုးဖြင့် ရိုက်သတ်
DVB
·
November 6, 2017
တိုက်ကြီးမြို့နယ် အုတ်ပုံစုကျေးရွာအုပ်စု ပြည်တော်သာကျေးရွာမှာ နိုဝင်ဘာ ၅ ရက်ညနေ
ပိုင်းက ပထွေးဖြစ်သူက အရက်မူးလာပြီး မိခင်ကို ရိုက်နှက်နေလို့ သားဖြစ်သူက ရဲဒင်းရိုးနဲ့ ရိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။
“ညနေပိုင်းက ပထွေးနဲ့မိခင်ဖြစ်သူတို့ရန်ဖြစ်ပြီး ပထွေးလုပ်သူက ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေတုန်း ရဲဒင်းရိုးနဲ့ ရိုက်သတ်ခဲ့တာပါ။ တရားခံက ရွာသာကြီးဆေးရုံက အရူးလက်မှတ်ရထားပြီး စိတ်ဝေဒနာရှင်ဖြစ်တယ်လို့ သူ့မိသားစုကတော့ ပြောတယ်။ စစ်တော့မကြည့်ရသေးဘူး။ ညတွင်ချင်း ဖမ်းဆီးပြီး ရဲစခန်းကို အပ်လိုက်ပါတယ်” လို့ ပြောပါတယ်။
တိုက်ကြီးမြို့မရဲစခန်းက တရားခံ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မေသွယ်