Home
ဆောင်းပါး
ကတ်တာလိုးနီးယား ဘယ်လိုဆက်သွား၊ ဘာများဖြစ်ဦးမလဲ
DVB
·
November 6, 2017
  ခုတလော နိုင်ငံတကာသတင်းတွေမှာ အလေးပေးတင်ပြနေကြတာက စပိန်နိုင်ငံ ကတ်တာလိုးနီးယားဒေသ စပိန်နိုင်ငံက ခွဲထွက်ရေးလှုပ်ရှားမှု၊ လွတ်လပ်ရေး ကြေညာမှုနဲ့ စပိန်အစိုးရနဲ့  ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံကြီးတွေက တုံ့ပြန်ချက်တွေပဲဆိုတာကိုတော့ နိုင်ငံတကာအရေး စိတ်ဝင်တစားရှိကြ၊ လေ့လာသုံးသပ်လိုကြတဲ့ စာဖတ်သူတွေ သိရှိခဲ့ကြပြီးဖြစ်မှာပါ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ကတ်တာလိုးနီးယားဒေသဟာ စပိန်နိုင်ငံမှာ ပြဋ္ဌာန်းထားခဲ့တဲ့ လူမျိုးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေအရ ရှိထားခဲ့တဲ့ ဒေသ ၈ ခုထဲက တခုဖြစ်ပါတယ်။ ကတ်တာလိုးနီးယားမှာ ဘာစီလိုနာ၊ ဂျီရိုးနား၊ လေအားဒါးနဲ့ တာရာဂွန်နား ဆိုတဲ့ ခရိုင် ၄ ခု ပါဝင်ပါတယ်။ စပိန်နိုင်ငံရဲ့ မြို့တော်နဲ့ အကြီးဆုံးမြို့ကြီးကတော့ ဘာစီလိုနာပဲ ဖြစ်သလို စပိန်နိုင်ငံမှာ ဒုတိယ လူနေအထူထပ်ဆုံး ဒေသအုပ်ချုပ်မှုနေရာနဲ့ ဥရောပသမဂ္ဂရဲ့ လူနေအထူထပ်ဆုံး ဒေသအုပ်ချုပ်ရေးနေရာ ၇ ခုထဲမှာ အဓိက အချက်အချာနေရာလည်း ဖြစ်ပါတယ်။ အဲဒီကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဟာ အောက်တိုဘာ ၁ ရက်နေ့က သူ့ဒေသကို စပိန်နိုင်ငံက ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ဖို့ ပြည်သူလူထု သဘောထားရယူတဲ့ ပြည်သူ့ဆန္ဒ ရွေးချယ်ပွဲတခုကို ကျင်းပခဲ့ပါတယ်။ စပိန်နိုင်ငံအစိုးရက မလုပ်ဖို့ တားမြစ်၊ လုပ်ရင် တရားမဝင်ဘူးလို့ အကြိမ်ကြိမ်တားမြစ်နေတဲ့ကြားက ဖြစ်အောင်လုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူအားလုံးရဲ့ ၉၂ ဒသမ ၀၁ ရာခိုင်နှုန်းက လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် ရပ်တည်ဖို့ ထောက်ခံမဲပေးခဲ့ကြပြီး ကန့်ကွက်သူကတော့ ၇ ဒသမ ၉၉ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ အများပြည်သူလူထုကြီးက စပိန်နိုင်ငံရဲ့ လက်အောက်ခံကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ဖို့ သဘောတူထောက်ခံခဲ့တယ်လို့ ပြောရမှာပါပဲ။ အဲဒီလိုဆန္ဒခံယူပွဲကျင်းပဖို့ကိုလည်း ကတ်တာလိုးနီးယားလွှတ်တော်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကတ်တာလိုးနီးယား ပါလီမန်အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပတဲ့နေ့မှာ ကတ်တာလိုးနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပုလိပ်တပ်ဖွဲ့က မဲရုံတွေကို ဖွင့်လှစ်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် အမျိုးသားပုလိပ်တပ်ဖွဲ့နဲ့ မြို့ပြ အစောင့်တပ်ဖွဲ့တို့ကတော့ မဲရုံတွေကို ဝင်ရောက်စီးနင်း ဟန့်တားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အရပ်သား ၈၉၃ ယောက်နဲ့ အမျိုးသားပုလိပ်တပ်ဖွဲ့နဲ့ မြို့ပြအစောင့်တပ်ဖွဲ့တို့ဘက်က ၄၃၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ ချဲ့ကားရေးသားထားတာ ဖြစ်တယ်လို့လည်း တချို့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း နေထိုင်သူ ဒေသခံအများစုရဲ့ ဆန္ဒသဘောထားကို စပိန်အစိုးရက ဆန့်ကျင်ပိတ်ပင်ခဲ့တယ်လို့ ပြောရင် မမှားနိုင်ပါဘူး။ အဲဒီနောက် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ ကတ်တလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတဖြစ်တဲ့ ကာလစ်ပွီးဒမွန်က ကတ်တလန်လွတ်လပ်ရေး ကြေညာခဲ့ပြီး သူ့အုပ်ချုပ်ရေးရုံးစိုက်ရာ ဘာစီလိုနာမြို့ကနေ သူ့မွေးရပ်ဇာတိနဲ့ကလည်းနီး၊ သူ ၅ နှစ်တာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျီရိုးနားမြို့ကို ရွှေ့ပြောင်းရုံးစိုက်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်ဗဟိုအစိုးရအဖွဲ့ရဲ့ ကန့်ကွက်တားဆီး အရေးယူမှုတွေ ပြင်းထန်လာတဲ့ အတွက် နောက်တနေ့ည ဒါမှမဟုတ် နောက်တနေ့မှာတော့ သူဟာ မာဆေးလ်မြို့ကို ကားနဲ့သွားရောက်ခဲ့ပြီး အဲဒီကမှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့ကို သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီး ၇ ယောက်နဲ့အတူ လေကြောင်းခရီးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဝန်ကြီးအဖွဲ့ဝင်တွေက စပိန်အစိုးရရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့ စပိန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့ပေမယ့် သူကတော့ ဘရပ်စ်ဆဲလ်မြို့မှာပဲ ကျန်နေရစ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ စပိန်ဗဟိုအစိုးရ ကတ်တလန်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပစ်လိုက်ပြီး ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှု အာဏာအောက်ကို ပြန်ပြီး သွတ်သွင်းပစ်လိုက်ပါတယ်။ နောက် စပိန်ဗဟိုအစိုးရက ပူအိဒမုန်ကို သူ့မျက်ကွယ်မှာပဲ အစိုးရကို ပုန်ကန်မှု၊ ပုန်ကန်ထကြွအောင် စေ့ဆော်အားပေးမှုနဲ့ ရန်ပုံငွေ အလွဲသုံးစားလုပ်မှုတွေနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။ အဲဒီစွဲချက်တွေနဲ့ တရားစွဲဆိုရာမှာ အပြစ်ရှိတယ်လို့ တွေ့ရှိ ဆုံးဖြတ်ခံရမယ်ဆိုရင်တော့ သူဟာ ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်ချမှတ်ခံရ နိုင်ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းမီဒီယာတွေကို သူဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းမှာမဟုတ်ဘဲ စပိန်အစိုးရက တခါမှ မသုံးစွဲခဲ့ဘူးတဲ့ ဖွဲ့စည်းပုံအခြေခံသပဒေ အခန်း ၁၅၅ အရ ကက်တလန်ဒေသကို ပြန်ထိမ်းချုပ်အုပ်ချုပ်ပြီး ပြန်လည်ကျင်းပပေးရမယ့် ရွေးကောက်ပွဲမှာ သူနဲ့သူ့ကို ထောက်ခံသူတွေ ၀င်ရောက်အရွေးချယ်ခံမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒါက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူက သူဘယ်တော့ ကက်တလိုးနီးယားကို ပြန်မယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ခုချိန်ပိုင်းမှာတော့ လူအတော်များများက သမ္မတ တယောက် ဒါမှမဟုတ် နိုင်ငံခြားတိမ်းရှောင် သမ္မတတယောက်အဖြစ်ပဲ ရှုမြင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သူရင်ဆိုင်နေရာက သူ့ရဲ့ခွဲထွက်လွတ်လပ်ရေးကြေညာတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ မညီဘူး။ တရာမ၀င်ဘူးဆိုပြီးသူ့ကို တရားစွဲဆို ဖမ်းဆီးလုပ်နေတဲ့ စပိန် အစိုးရနဲ့ အာဏာပိုင်တွေသာ မဟုတ်ဘဲ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံကြီးတွေနဲ့ အမေရိကန် နိုင်ငံရဲ့ အရှိန်သြဇာတွေကိုပါ  ခံနေရတာဖြစ်ပါတယ်။ တကယ်တော့ သူဟာ ပထမဆုံးနိုင်ငံရပ်ခြား ထွက်ပြေးတိမ်းရှောင်ရတဲ့ ကက်တလန်သမ္မတ တယောက်ယောက်တော့ မဟုတ်ပါဘူး။ စပိန်ပြည်တွင်းစစ် မတိုင်ခင်နောက်ဆုံးနိုင်ငံခြားထွက်ပြေး တိမ်းရှောင်ရတဲ့ ကက်တလန်သမ္မတကတော့ ဂျိုးဇက်ပ် တာရာဒဲလတ်စ် ပါ။ ဂျိုးဇက်ပ်ကတော့ ၁၉၇၇ ခုနှစ် အောက်တိုဘာလမှာ စပိန်အစိုးရဲ့ သဘောတူညီမှုနဲ့ ကက်တလိုးနီးယားနိုင်ငံ သမ္မတ တယောက်အဖြစ် ပြည်တော်ပြန်ခွင့်ရခဲ့ပြီး သူ့ရဲ့ဘာစီလိုနာ သမ္မတရုံးကနေပြီး ကျော်ကြားတဲ့ မိန့်ခွန်းတရပ်ကို ပြည်သူလူထုကို ပြောကြားခွင့်ရခဲ့ပါတယ်။ ကားလစ် ပွိဒမွန့် အတွက်ရော ဒီလိုအခြေအနေ ကြုံတွေ့လာနိုင်တဲ့ အခွင့်အလမ်း ရှိနိုင်ပါ့မလား။ ကက်တလိုးနီးယားဒေသ စပိန်နိုင်ငံ ကနေခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ ရပ်တည်ရင် ဘယ်သူတွေ အကျိုးယုတ်မှာပါလဲ။ စပိန်နိုင်ငံ တခုတည်းမဟုတ်ဘဲ ဥရောပသမဂ္ဂနဲ့ သူ့မဟာမိတ်နိုင်ငံတွေအတွက်ပါ အကျိုးယုတ်နိုင်ပါသလား။ အမြင်သဘောထား ကွဲပြားကြပါတယ်။ ကက်တလန် နိုင်ငံရေးသမားအတော်များများနဲ့ စပိန်လွှတ်တော် အတိုက်အခံ အမတ်အတော်များများကတော့ ဒီခွဲထွက်ရေး လှုပ်ရှားမှုအပေါ် ပုလိပ်တပ်ဖွဲ့ရဲ့ ပြင်းထန် ကြမ်းတမ်းတဲ့ ကိုင်တွယ်ဖြိုခွဲမှုမှာတာဝန်ရှိတဲ့ စပိန်ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ကင်းဒမ်း နိုင်ငံရဲ့ လေဘာ ပါတီခေါင်းဆောင် ဂျရမီ ကိုဘင်း ကလည်း ၀န်ကြီးချုပ် ထရီဇာမေကို ဒီစပိန်နိုင်ငံ အကြပ်အတည်းအတွက် နိုင်ငံရေးအဖြေရှာဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲပြောပြော ကက်တလိုးနီးယားအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ် ရပ်တည်ခွင့် အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြသူတွေကလည်း ဒါဟာ ကက်တာလိုးနီးယားရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်လို့ ပြောဆိုကန့်ကွက်ကြ ပါတယ်။ ခုဆိုရင် ကက်တာလိုးနီးယားက သမဂ္ဂတွေနဲ့ အသင်းအဖွဲ့ ၄၀ ကျော်က ဒီစပိန်အစိုးရရဲ့ ဆိုးဝါးတဲ့ အခွင့်အရေးချိုးဖောက်မှုကို ဆန့်ကျင်ကန့်ကွက်ဖို့ လာမယ့်အင်္ဂါနေ့ မှာ ဒေသလုံးဆိုင်ရာသပိတ်ကြီး တခု မှောက်ဖို့ တောင်းဆိုဆော်သြနေကြပါတယ်။ ကက်တာလိုးနီးယား သမ္မတ ပွိဒမွန့်ကတော့ ကက်တလိုးနီးယားမှာ ဖြစ်နေခဲ့တဲ့ စပိန်အစိုးရရဲ့ ညှိနှိုင်းအပေးအယူလုပ်မှု မရှိတာ၊ ဖိနှိပ်မှု လုပ်တာ၊ အရှိတရားကို လုံးဝ ငြင်းဆန်တာတွေ၊ ရန်လိုမုန်းတီးတာတွေနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုခဲ့ပါတယ်။ သူက “မျှော်လင့်ချက်နဲ့ ခံစားရမှုဖြစ်တဲ့ ဒီကနေ့မှာ ကက်တာလိုးနီးယားနိုင်ငံသားတွေ သမ္မတ နိုင်ငံတခုအဖြစ်ရပ်တည်ခွင့်ကို ရရှိရမှာဖြစ်သလို ကျနော်တို့ကို နားထောင်ဖို့ လေးစားဖို့နဲ့ အသိအမှတ်ပြုမှုတွေကိုလည်း ရရှိကြရမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဒေသတခုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအများစုရဲ့ဆန္ဒဖြစ်တဲ့အတွက် စပိန်ဗဟို အစိုးအနေနဲ့ လေးလေးစားစား ရှိရပါမယ်။ အလေးအနက်စဉ်းစားရမယ်လို့ ထင်ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်သလို ရွေးချယ်ခွင့်လည်းဖြစ်ပါတယ်။ ဘယ်လိုပဲ အကျိုးစီးပွားအကြောင်းပြချက်တွေ လုံခြံရေး အကြောင်းပြချက်တွေပြပြ ဒါဟာ အာဏာကို ဗဟိုက ချုပ်ကိုင်ချယ်လှယ်နေတဲ့ သူတွေရဲ့ ဆန္ဒစွဲအမြင် ကိုယ်ကျိုးစီးပွားကာကွယ်ရေး အမြင်တွေ မဟုတ်ဘူးလို့ ဘယ်သူက ငြင်းဆိုနိုင်ပါသလဲ။ ဒီမိုကရေစီအခွင့်အရေးအရေးကို လေးစားလိုက်နာရမှာက ဒီမိုကရေစီ အစိုးရပါလို့ ကြေညာထားတဲ့ အစိုးရတရပ် ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒီ ကက်တာလိုးနီးယား ပြဿနာဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ စဉ်းစားစရာတွေ ရှိပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ဆွေးနွေးပြောဆိုကြရာမှာ စစ်တပ်နဲ့ အစိုးရက တိုင်းရင်းသား လူနည်းစုတွေကို ခွဲမထွက်ရလို့ ကန့်သတ်ပိတ်ပင်ဖို့ ကြိုးစားတာဟာ အလွန်အရုပ်ဆိုးတဲ့ ဒီမိုကရေစီ အခွင့်အရေးချိုးဖောက်မှုဖြစ်သလို နိုင်ငံကို တည်ထောင်ခဲ့တဲ့ ပိသုကာခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီကတိထားခဲ့ကြတဲ့ ပင်လုံစာချုပ်ကိုလည်း ချိုးဖောက်ရာ ကျပါတယ်။ လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တဲ့ လုပ်ရပ်လို့ ပြောရမှာပါပဲ။ ဒါကိုသိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း လက်သင့်မခံ ကန့်ကွက်ခဲ့ကြပါပြီ။ ဘာတွေ ဆက်ဖြစ်လာဦးမှာပါလဲ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024