မြန်မာ စစ်ဗိုလ်ချုပ်များ ရာထူးတိုး
DVB
·
April 3, 2012
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်တပ်ထိပ်ပိုင်း အရာရှိ အတော်များများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တဆင့်မြှင့်ရာထူးတွေ တိုးမြှင့်ပေးလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ တရားဝင် ရေးသား ဖော်ပြချက်အရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကိုတော့ ဒု-ဗိုလ်ချုပ်မှူးကြီး အဆင့်ကိုလည်းကောင်း၊ ဒု-ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးများ၊ လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ် တို့ကိုလည်း ဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်လိုက်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးက သက်ဆိုင်ရာ ဌာနအကြီးအကဲတွေကိုလည်း ရားထူးတဆင့် အသီးသီး တိုးမြှင့်လိုက်ပါတယ်။
ခုလို စစ်တပ်အကြီးအကဲတွေကို ရာထူးတိုးပေးလိုက်ချိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကတော့ အရင်ခေတ်တွေက ရာထူးတိုးမြှင့်ဖို့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဆင့်ရှိသူနဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသူတွေကိုသာ အစိုးရအဖွဲ့ကနေ ရွေးချယ်တာလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့တုန်းက ဒီလိုမဟုတ်ဘူး။ ကျနော် ဒု - ဗိုလ်မှူးကြီး ဖြစ်ဖို့က ၉ နှစ်တောင်နေရတယ်။ ဗိုလ်မှူးကနေ ဒု - ဗိုလ်မှူးကြီး ဖြစ်ဖို့က မပေးဘူး။ ယာယီသဘောမျိုးနဲ့ပဲ ထားတာပဲ။ တပ်မတော်မှာဆိုရင် အရင်တုန်းက ဒု -၀န်ကြီး ထားတယ်ဆိုတော့ ဒု-၀န်ကြီးက သူတို့ခြေ သူတို့လက်ပဲ၊ တော်ရုံတန်ရုံကတော့ ရာထူးတိုးဖို့က ခပ်မြန်မြန် မဖြစ်ဘူး။ အခု ဒီကိစ္စက အားလုံးက သူတို့ချဲ့ချင်တိုင်း ချဲ့ပြီးတော့ ပေါ်လာတဲ့နေရာအားလုံးကို အကုန်ဖြည့်တာပဲ။ ဗိုလ်ချုပ်ကြီး တွေကလည်း များလိုက်တာ။ ဖောင်းပွနေတာပဲ။ ခေါင်းကြီးကိုယ်သေး ဖြစ်နေတယ်လို့ ပြောနေတာပဲ။”
ဗိုလ်ချုပ်ကြီး အဆင့်တွေကို တိုးပေးလိုက်တဲ့အတွက်လည်း တိုင်းပြည်အတွက် ငွေကုန်ကြေးကျ များတာကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သုံးသပ်ပြောဆိုပါတယ်။
“ဗိုလ်ချုပ်ကြီးဆိုရင် သူ့အဆောင်အယောင်တွေ ပေးရမယ်။ လစာ၊ သူတို့နဲ့ပတ်သက်တဲ့ ကားတို့၊ အိမ်မှာထားမယ့်လူတွေ၊ အိမ်သန့်ရှင်းရေး၊ ခြံစောင့်တို့ စသည်ဖြင့် အများကြီးပဲ။ တပ်မှာလည်း သိတဲ့အတိုင်းပဲ။ တပ်သားတယောက်က ပါလာတယ်။ တပ်ကြပ်တယောက်ကဆိုရင် သူ့နောက်မှာ သူ့ရဲ့မိသားစု၊ ဆွေမျိုးသားချင်းတွေကလည်း တွဲပါလာတော့ အဲဒီအိမ်တွေ၊ ယာတွေမှာ အဆောက်အဦးနေရာတွေ တိုးပေးရ၊ ချဲ့ပေးရနဲ့ တပ်ကကြီးလာရင် မိသားစုတွေက လည်း ကြီးလာတော့ သူတို့တွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့၊ သူတို့သားသမီးတွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ ဒါတွေကလည်း ကုန်ကျမယ့် ကိစ္စတွေ ဖြစ်တယ်။”
၆၇ နှစ်မြောက် တပ်မတော်နေ့မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် အရာရှိကြီးတွေကို အရပ်သား ဂုဏ်ထူးဆောင်ဘွဲ့တွေ ဖြစ်တဲ့ သရေစည်သူ၊ သီရိပျံချီဘွဲ့တွေ ပေးခဲ့တာဟာ အရပ်သားလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတွေကို ပေးတာဖြစ်တဲ့အတွက် တပ်မတော် အရာရှိကြီးတွေကို မပေးသင့်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သုံးသပ် ပြောဆိုပါတယ်။