မီးလောင်နိုင်မှုအန္တရာယ်ကြောင့် BMW ကားအစီးရေ ၁ သန်းကျော် ပြန်သိမ်းဆည်း

3.1K
ကမ္ဘာကျော် ကားကုမ္ပဏီ BMW က ကားအစီးရေး ၁ သန်းကျော်ကို မီးလောင်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ပြန်လည်သိမ်းဆည်းနေတယ်လို့ BMW ကားကုမ္ပဏီက နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားပါတယ်။
မြောက်အမေရိကမှာ ရောင်းချထားတဲ့ BMW ကားအစင်းရေ ၁ သန်းလောက်မှာ မီးလောင်နိုင်ခြေရှိတဲ့ ချွတ်ယွင်းချက်နှစ်ခု ရှိနေတာကြောင့် ကုမ္ပဏီကို ပြန်လည်ပို့ဆောင်ဖို့ ကုမ္ပဏီက ပြောကြားထားတာဖြစ်ပါတယ်။
မြောက်အမေရိကအပြင် အခြားနိုင်ငံက ကားတွေကိုလည်း ပြန်လည်သိမ်းဆည်းမယ်လို့လည်း BMW က ပြောကြားပါတယ်။
ပထမဆုံးပြန်လည်သိမ်းဆည်းတဲ့ ကားတွေကတော့ ၂၀၀၆-၂၀၁၁ ခုနှစ်ထုတ် U.S 3 စီးရီးမော်ဒယ်ဖြစ်ပြီး၊ ကားအစင်းရေ ၆ သိန်း ၇ သောင်းကို ပြန်လည်သိမ်းဆည်းနေတာပါ။
ဒီကားတွေက ဝါယာစနစ်မှာ အပူပြဿနာရှိနေတာနဲ့၊ လေအေးပေးစနစ် ပြဿနာတွေကြောင့် အပူလွန်ကဲမှု ဒါမှမဟုတ် မီးလောင်သည်အထိ ဖြစ်စေနိုင်တာကြောင့် ပြန်လည်သိမ်းဆည်းရတာပါ။
ဒုတိယမြောက် ပြန်လည်သိမ်းဆည်းတဲ့ကားတွေကတော့ U.S ၂၀၀၇-၂၀၁၁ ခုနှစ်ထုတ် ကားတွေဖြစ်ပြီး၊ ဗော့လ် (valve) ပြဿနာကြောင့် တခါတရံ မီးလောင်တာမျိုးဖြစ်ပွားစေတာပါ။
ပြန်လည်ပြင်ဆင်ဖို့ နောက်ထပ်သိမ်းဆည်းနေတဲ့ BMW မော်ဒယ်တွေကတော့ 128i မော်ဒယ်၊ 3 စီးရီးမော်ဒယ်၊ 5 စီးရီးမော်ဒယ်၊ X3 မော်ဒယ်၊ X5 မော်ဒယ် နဲ့ Z4 မော်ဒယ်တွေပါဝင်ပါတယ်။
BMW ပြန်လည်သိမ်းဆည်းတဲ့ ကားစင်းရေ ၁ သန်းခန့်ရှိပြီး၊ အာလုံးနီးပါးက အမေရိကန်မှာ ရှိတဲ့ ကားတွေဖြစ်ပြီး၊ ကနေဒါနိုင်ငံ က ကား ၁ သောင်း ၅ ထောင်လောက်လည်း ပါဝင်တယ်လို့ BMW ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်ရက်ဘ်စတော့ ( Michael Rebstock) ကပြောကြားပါတယ်။