ဒီယာအယ်လ်ဇောမြို့ရှိ အိုင်အက်စ်စစ်သွေးကြွ တိုက်ပွဲ အောင်မြင်ဟု ဆီးရီးယားပြော

ဆီးရီးယား အစိုးရဟာ နိုင်ငံအရှေ့ပိုင်းက ဒီယာ အယ်လ်ဇောမြို့မှာ ရှိတဲ့ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို အောင်မြင်ပြီလို့ နိုဝင်ဘာ ၃ ရက်နေ့ ကြေညာလိုက်ပါတယ်။ ဒါဟာ ဆီးရီးယားနိုင်ငံအတွင်း နောက်ဆုံးခြေကုပ်မြို့ကို ဆုံးရှုံးတာဖြစ်လို့ ဘာသာရေး စစ်ဝါဒီ အိုင်အက်စ်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ မြို့မှာ လမ်းတွေ ရှင်းနေပြီး အဆောက်အဦတွေ ပျက်စီးနေတာ၊ မီးခိုးတွေ အူတက်နေတာကို ပြထားတဲ့ ရုပ်သံကို နိုဝင်ဘာ ၂ ရက်နေ့က ရိုက်ကူးဖြန့်ချိခဲ့ပါတယ်။ ယူဖရေးတီးစ်မြစ်ရဲ့ အနောက်ဘက် ကမ်းပါးမှာရှိတဲ့ ဒီယာအယ်လ်ဇောမြို့ဟာ ဆီးရီးယား အရှေ့ပိုင်းမှာ အကြီးဆုံးနဲ့ အရေးပါဆုံး မြို့ပါ။ ဆီးရီးယားရေနံထုတ်လုပ်ရေးရဲ့ အချက်အချာလည်း ဖြစ်ပါတယ်။ ဒီမြို့ကို နှစ်ချီ သိမ်းထားတဲ့ အိုင်အက်စ်တွေကို စစ်တပ်က စက်တင်ဘာ အစောပိုင်းမှာ စတင် စီးနင်းခဲ့ပါတယ်။ လတ်တလော တိုက်ခိုက်မှုတွေအတွင်း ခရိုင်လေးခုကို စစ်တပ်က သိမ်းနိုင်ခဲ့ပါတယ်။ အယ်လ်ဟာဝီဂျာ ခရိုင်ကတော့ အိုင်အက်စ်တွေ တပ်စွဲထားတဲ့ နောက်ဆုံး ခရိုင် ဖြစ်ခဲ့တယ်လို့ စစ်သွေးကြွ မီဒီယာဌာနက အစီရင်ခံပါတယ်။ အင်ဂျင်နီယာ တပ်ဖွဲ့က လမ်းတွေနဲ့ အဆောက်အဦတွေမှာ မိုင်းတွေ ထောင်ချောက်တွေကို အိုင်အက်စ်တွေက တပ်ဆင်သွားသလားဆိုတာ လိုက်စစ်ဆေးနေတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

More News
Up