အောင်လအန်ဆန်က အယ်လိန်းဂလာနီကို ပထမအချီတွင် ဒိုင်ပွဲရပ် အနိုင်ယူ

နိုဝင်ဘာ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ One Championship MMA ပြိုင်ပွဲမှာ ပြိုင်ဘက် အယ်လိန်းဂလာနီကို အနိုင်ရခဲ့ပေမယ့် ပိုကောင်းတဲ့ ထိုးသတ်ပုံရဖို့ လိုသေးတယ်လို့အောင်လ အန်ဆန်က ပွဲအပြီးမှာပြောကြားလိုက်တာပါ။ ပြိုင်ဘက်က အားကောင်းတဲ့အတွက် အနည်းငယ် အခက်အခဲဖြစ်ခဲ့ရပြီး ပရိသတ်တွေကို စိတ်ပူစေခဲ့လို့ တောင်းပန်လိုပြီး နောက်လာမယ့်ပွဲတွေမှာ အခုထက် ပိုကောင်းလာအောင် လေ့ကျင်ပြင်ဆင်သွားမယ်လို့အောင်လ အန်ဆန်ကပြောပါတယ်။ အောင်လအန်ဆန်ဟာ ပထမအချီ ၄ မိနစ်နဲ့ ၃၀ စက္ကန့်မှာပဲ ကင်မရွန်းက အယ်လိန်း ဂလာနီရဲ့ ဦးခေါင်းကို ချုပ်ပြီး ဒိုင်ပွဲရပ်နဲ့ အလဲထိုး အနိုင်ယူခဲ့တာပါ။ ပွဲမတိုင်ခင်ကတည်းက လက်နဲ့ခေါင်းကို ချုပ်ကိုင်ပြီးအနိုင်ယူဖို့ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုပွဲမှာရှုံးနိမ့်သွားတဲ့ အယ်လိန်းဂလာနီကတော့ အောင်လအန်ဆန်ကို ချီးကျူးခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ထိုးသတ်ရတဲ့အခါ မယှဉ်နိုင်ခဲ့ဘူးလို့ဝန်ခံပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်အနေနဲ့ပထမဆုံးအကြိမ် ချန်ပီယံကာကွယ်ပွဲ အဖြစ် လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ယှဉ်ပြိုင်ရဖို့ရှိပြီး ပြိုင်ဘက်ကို မသိရသေးဘူးလို့ ပြောပါတယ်။ အခုပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၀ ပွဲပါဝင်ပြီး မြန်မာတွဲဆိုင်းတွေမှာတော့ ဖိုးသော်က စောဘဦးကို အမှတ်နဲ့အနိုင်ရပြီး ရဲသွေးနီက စောသားငယ်၊ စောဒါဝိတ်က စစ်မှန် တို့ကို အလဲထိုး တွေနဲ့အနိုင်ရခဲ့ပါတယ်။ တခြားနိုင်ငံတကာတွဲဆိုင်းတွေမှာတော့ တရုတ်ကစားသမားတွေအားလုံး အနိုင်ရပြီး ထိုင်းနဲ့ဖိလစ်ပိုင်ကစားသမားတဦးစီလည်း အနိုင် ရခဲ့ပါတယ်။

More News
Up