ဓာတုလက်နက်သုံး တိုက်ခိုက်မှု ကုလစွပ်စွဲချက် ဆီးရီးယားဘက်မှ ရုရှားတုံ့ပြန်

2.3K
ဆီးရီးယားအစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်ကို ရုရှားက နိုဝင်ဘာ ၂ ရက်မှာ တုံ့ပြန်စိန်ခေါ်လိုက်ပါတယ်။
အခုနှစ် ဧပြီလက ဆီးရီးယားနိုင်ငံက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ခန်ရှိတတ်ခွန်းမြို့ကို ဆီးရီးယားအစိုးရက တိုက်ခိုက်ရာမှာ ဆာရင်းဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက စွပ်စွဲထားတာ ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုခဲ့တာကြောင့် အမေရိကန်က ဆီးရီးယားအစိုးရရဲ့ လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဧပြီလ တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရရဲ့ လက်ချက်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း၊ အဲဒီဓာတုပစ္စည်းတွေဟာ သူပုန်တွေရဲ့ပစ္စည်းတွေ ဖြစ်ပြီး၊ ဆီးရီးယားအစိုးရပိုင် မဟုတ်ဘူးလို့ ရုရှားက ပြောကြားသွားပါတယ်။
ရုရှားဟာ ဆီးရီးယားသမ္မတ အာဆတ်ဘက်ကနေ လေတပ်နဲ့ အထူးတပ်ဖွဲ့တွေသုံးပြီး ကူညီတိုက်ခိုက်ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရရဲ့ ဧပြီလ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂကို ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာမှာ ဆာရင်းဓာတုလက်နက်နဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆီးရီးယားသမ္မတ အာဆတ်မှာ တာဝန်ရှိတယ်လို့ ကောက်ချက်ချထားတာပါ။
နိုဝင်ဘာ ၂ ရက်နေ့မှာ မြေပုံအထောက်အကူတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ ဇယားတွေနဲ့အတူ တင်ပြခဲ့ပြီး ဆီးရီးယားအစိုးရဟာ မမျှမတ ပြစ်တင်ပြောကြားခံနေရတာလို့ ရုရှားက ပြောကြားသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။