ဗုံးပေါက်ကွဲမှုနှင့် မီးတောက်များထဲ မထိခိုက်နိုင်သည့် စူပါမန်းဝတ်စုံ ရုရှားထုတ်လုပ် (ရုပ်သံ)

ဗုံးပေါက်ကွဲမှုနဲ့ မီးတောက်တွေထဲ စစ်သားတွေ ဝတ်စုံဝတ်ပြီး လမ်းလျှောက်ရင် မထိခိုက်နိုင်တဲ့ စူပါမန်း ဝတ်စုံတစုံကို ရုရှားသိပ္ပံပညာရှင်တွေက ထုတ်လုပ်ပြသလိုက်တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီဝတ်စုံကို အပူဒဏ်ခံနိုင်ရည်ရှိတဲ့ အစတမျိုးနဲ့ ထုတ်လုပ်ထားတယ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ဒီဝတ်စုံအပေါ် သဘောကျ နှစ်သက်နေတယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ဝတ်စုံနဲ့ပတ်သက်ပြီး ထုတ်လွှင့်ထားတဲ့ ရုပ်သံထဲမှာ စမ်းသပ်မှုတခုအတွင်း အမျိုးသားတဦးက အဲဒီမီးလောင်ဒဏ်ခံ စူပါမန်းဝတ်စုံကို ဝတ်ဆင်ပြီး မီးတောက်တွေနဲ့ ပေါက်ကွဲမှုတွေအကြား လမ်းလျှောက်သွားတာကို မြင်တွေ့ရပြီး ဝတ်စုံကို တီထွင်ထုတ်လုပ်သူက ဝတ်စုံအပေါ်ကို တိုက်ရိုက်ကျရောက်လာမယ့် မီးတောက်ကို ဝတ်စုံက စက္ကန့် ၃၀ အထိ ခံနိုင်ရည်ရှိတယ်လို့ ပြောပါတယ်။ ပေါက်ကွဲရာကနေ အပူကြောင့် ရုတ်တရက်ဖြစ်တဲ့ လှိုင်းတွေက ဝတ်စုံ ဝတ်ဆင်သူတွေကို အန္တရာယ်ပြုနိုင်သေးပေမယ့် လက်ပစ်ဗုံးနဲ့ မိုင်းလို ရုတ်တရက် ပေါက်ကွဲမှု မီးအပူတွေကနေ ဝတ်ဆင်သူတွေကို ကာကွယ်ပေးမှာလို့ ထုတ်လုပ်သူတွေက ပြောပါတယ်။ စူပါမန်းဝတ်စုံလို့ ခေါ်ဆိုနေတဲ့ ဒီဝတ်စုံက ရုရှားစစ်တပ်ရဲ့ ရက်နစ်လို့ခေါ်တဲ့ ရုရှား အနာဂတ် ခြေလျင်တပ် တိုက်ပွဲအစီအစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပြီး နောက်လာမယ့် မျိုးဆက်သစ်ရဲ့ တိုက်ပွဲပစ္စည်း အသုံးအဆောင်တခုအနေနဲ့ တိုးတက်ပြီး ထုတ်လုပ်ထားတာလို့ သိရပါတယ်။   ရက်နစ်ဝတ်စုံတွေမှာ ကျည်ကာအင်္ကျီ အပါအဝင် အခြား နည်းပညာမြင့်မားတဲ့ တိုက်ပွဲ အသုံးအဆောင်တွေ ထုတ်လုပ်ထားပြီး ဒီဝတ်စုံတွေကို ၂၀၁၆ ခုနှစ် တိုက်ပွဲအတွင်း သုံးခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောသွားပါဘူး။ စူပါမန်းဝတ်စုံရဲ့ အပူဒဏ်ခံနိုင်မှုကို စမ်းသပ်ဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်နိုင်မယ်၊ အရပ်သားတွေလည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ သမ္မတ ဗလာဒီမာပူတင်က စစ်အင်အားပြဖို့ ကုန်းပိုင်းနဲ့ ရေပိုင်းမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအပြီး ဒီစူပါမန်းဝတ်စုံကို ထုတ်လုပ်ပြသလိုက်တာလို့ သိရပါတယ်။

More News
Up