နတ်ရွာစံ ထိုင်းဘုရင်ကြီး မီးသင်္ဂြိုဟ်ရုံအား ပြည်သူများကို လည်ပတ်ခွင့်ပြု

နတ်ရွာစံ ဘုရင်မင်းမြတ် ဘူမိဘောရဲ့ တော်ဝင် မီးသင်္ဂြိုဟ်ရုံကို နိုဝင်ဘာ ၂ ရက်နေ့က စပြီး ရဟန်းသံဃာတွေနဲ့ အများပြည်သူတွေကို လာရောက်လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ ၅ ရက်ကြာ တော်ဝင်ဈာပန အခမ်းအနားကို ကျင်းပပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တော်ဝင်မီးသင်္ဂြိုဟ်ရုံကို  အများပြည်သူတွေ လာရောက်လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းပြည်သူတွေဟာ မနက်အစောကြီးကတည်းက တော်ဝင်မီးသင်္ဂြိုဟ်ရုံကို လာရောက်ဖို့ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။ လာရောက်သူတွေကို အသုတ်လိုက်ခွဲပြီး အချိန် ၄၅ မိနစ်ကြာ လေ့လာခွင့်ပြုခဲ့ပါတယ်။ “ကျနော် ထင်ထားတာထက် အများကြီး ခမ်းနားတယ်။ သဘောကျပါတယ်။ ဒီကို ရောက်တဲ့အတွက် ပျော်လည်းပျော်တယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်” ဆိုပြီး လာရောက်သူတဦးက ပြောခဲ့ပါတယ်။ လာရောက်ကြသူတွေဟာ နတ်ရွာစံဘုရင်ကြီးကို ရည်မှန်းပြီး ရှိခိုးကန်တော့ကြပါတယ်။ အဲဒီတော်ဝင် မီးသင်္ဂြိုဟ်ရုံထဲမှာ နတ်ရွာစံ ဘုရင်မင်းမြတ် ဘူမိဘောရဲ့ အရိုးပြာအိုးကို ထားရှိတာ ဖြစ်ပါတယ်။ အနုပညာ လက်ရာမြောက်စွာ တည်ဆောက်ထားတာမို့ လာရောက်သူအားလုံးဟာ အဲဒီမီးသင်္ဂြိုဟ်ရုံရဲ့ ကြီးကျယ်ခမ်းနားမှုကို သဘောကျကြပါတယ်။ အတွင်းမှာလည်း ဗဟုသုတရဖွယ် ပြခန်းသဘော ပြသထားတာကို မြင်တွေ့ရပါတယ်။ “နတ်ရွာစံဘုရင်ကြီး ဂုဏ်ပုဒ်နဲ့ လိုက်အောင်ကို ခမ်းနားပါပေတယ်။ ဈာပန အခမ်းအနားရောပဲ။ အားလုံး ခမ်းနားပါတယ်” လို့ လည်ပတ်သူတဦးက ပြောခဲ့ပါတယ်။ တော်ဝင် မီးသင်္ဂြိုဟ်ရုံကို နိုဝင်ဘာလ ၃၀  ရက်နေ့အထိ အများပြည်သူကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

More News
Up