ဘရာဇီးလ်တွင် သင်္ဘောတစီးကို ဓားပြများ လုယက်၊ မိသားစု ၄ ဦး ပျောက်ဆုံး

နိုဝင်ဘာလ ၁ ရက်နေ့၊ ၂၀၁၇ ခုနှစ် သမီးငယ် ၂ ဦး ပါဝင်တဲ့ အမေရိကန်မိသားစုတစု စီးလာတဲ့ သင်္ဘောကို ပင်လယ်ဓားပြတွေ လုယက်တိုက်ခိုက်ပြီးနောက် မိသားစု ၄ ဦးစလုံး အမေဇုန်တောထဲမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ သူတို့မိသားစု စီးလာတဲ့ သင်္ဘောကို ဘရားဇီးလ်နိုင်ငံအတွင်း ဓားပြတိုက်ခံပြီးကတည်းက ခရီးသွားမိသားစု ပျောက်ဆုံးနေတာပါ။ ဓားပြတွေက သင်္ဘောကို ည ၇ နာရီလောက်မှာ ဓားပြတိုက်ခဲ့ပြီး ပေါ်တိုဒို့စ်ဒိုင်ရက်စ်ဒေသဘက် သင်္ဘောကို အတင်းမောင်းနှင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သင်္ဘောပေါ်က ပစ္စည်းတွေအားလုံးကို ခိုးယူပြီး သင်္ဘောကို စွန့်ပစ်ခဲ့တာပါ။ လွန်ခဲ့ ၅ နှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကနေ ထွက်ခွာခဲ့ပြီး အင်စတာဂရမ်ပေါ်မှာ တင်တဲ့ သူတို့ရဲ့ ခရီးသွားစွန့်စားမှုပုံတွေကို ကြိုက်နှစ်သက်သူ ၁ သိန်း ၁ သောင်းကျော်ရှိတဲ့ မိသားစုဟာ ဓားပြတိုက်ခံရပြီးနောက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပန်းချီဆရာဖြစ်သူ အသက် ၃၉ နှစ်အရွယ် အဒမ်၊ အသက် ၃၇ နှစ်အရွယ် ဒီဇိုင်နာ အမ်မလီဖေ့သ် နဲ့ သမီး ၂ ဦးဖြစ်သူ ဆီရာ (အသက် ၃-နှစ်)နဲ့ ကိုလော့တ် (အသက် ၇-နှစ်)တို့ကို ရဲတွေကလည်း ရှာဖွေနေကြပါတယ်။ လက်နက်ကိုင်ထားတဲ့ ဓားပြတွေက သင်္ဘောပေါ်တက်လာပြီး သင်္ဘောဝန်ထမ်းတွေကို ဓားစားခံအဖြစ် နာရီများစွာ ကြာအောင် ဖမ်းဆီးထားတယ်လို့ မျက်မြင်တွေက ပြောကြောင်း ဖိုလ်ဟာဒိုပရိုဂရက်စို သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ သူတို့တွေက ဘရာဇီးလ်မြောက်ပိုင်း အမေဇုန်တောထဲက ကျွန်းတကျွန်းကို ခရီးသွားခဲ့တာဖြစ်ပြီး သင်္ဘောပေါ်က ဓားပြတွေ ခိုးယူခဲ့တဲ့ ကုန်ပစ္စည်းတွေကို သစ်တောထဲမှာ တွေ့ခဲ့ပေမယ့် ခရီးသွားမိသားစု ၄ ဦးကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ မိသားစုရဲ့ ကားကို တွေ့ပြီးတဲ့နောက် ဟယ်လီကော်ပတာ ကင်းလှည့် လှေတွေ လွှတ်ပြီး မိသားစု ၄ ဦးကို ရှာနေတယ်လို့ သိရပါတယ်။ မိသားစု ၄ ဦးက ဘရာဇီးလ်နိုင်ငံ တောင်ပိုင်း ဖလော်ရီယာနိုပိုလစ်မှာ အိမ်တလုံး ရှိပြီး အမေရိကန်နိုင်ငံမှာလည်း ပိုင်ဆိုင်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးအရာရှိတွေက ပျောက်ဆုံးနေတဲ့ ခရီးသွားတွေရဲ့ အမေရိကန်မှာရှိတဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ ကြိုးစားသလို ပျောက်ဆုံးသူတွေ လာရောက်ဆက်သွယ်လား သိနိုင်အောင် မိသားစုဝင်တွေရဲ့ လူမှုကွန်ရက် စာမျက်တွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံ လူထုလုံခြုံရေးနဲ့ လူမှုကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာမှာ “ရဲတွေ၊ စစ်တပ်၊ ရဲအဖွဲ့ဝင်တွေ လေကြောင်း ကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အားလုံး ပူးပေါင်းပြီး အကြီးအကျယ် ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်” လို့ ပြောကြောင်း မေရာသတင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့က ဖော်ပြထားပါတယ်။ ဓားပြတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ရဲတွေဘက်က မဖော်ပြနိုင်သေးဘဲ သတင်းထုတ်ပြန်ချက်အချို့အရ ပျောက်ဆုံးမိသားစုက နာရီတော်တော်များများ ဓားစာခံ ဖမ်းဆီးခံရပြီးနောက် မြစ်ထဲ ခုန်ချတယ်၊ အမ်မလီကိုလည်း ဓားပြတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရဲတွေက အကြီးအကျယ် ရှာဖွေမှုတွေ လုပ်နေပြီး ပျောက်ဆုံးမိသားစုကို အနီးအနားရွာက ဒေသခံတွေရဲ့ အကူအညီ ရမယ်လို့လည်း မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up