တနင်္သာရီတိုင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို အဆင့် ၂ ဆင့်ဖြင့် ထိုးပေးမည်
DVB
·
November 2, 2017
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တနင်္သာရီတိုင်းဒေသကြီးမှာ အဆင့် ၂ ဆင့်နဲ့ ကာကွယ် ထိုးပေးသွားမယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးမှူးက မြိတ်မြို့မှာ နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အသိပေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း ၂၀၁၇ အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်းက အသိပေးဆွေးနွေးတာကို မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေးများ ထိုးနှံပေးတာကို ဆောင်ရွက်မယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက “ဒီရောဂါက အင်မတန်ကြောက်ဖို့ ကောင်းတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်နေတယ်။ အခု ဆေးက စိတ်လည်းချရတယ်။ WHO ကလည်း ခွင့်ပြုထားတယ်။ ဆိုးကျိုးတွေလည်း အင်မတန် နည်းတယ်။ ဒါကြောင့် ၉ လသားမှ ၁၅ နှစ်အတွင်း ကလေးအားလုံးကို ထိုးစေချင်တယ်။ ဒါကြောင့် ဆေးထိုးမယ့် ကာလတွေမှာ အားလုံး လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့က တတိုင်းလုံး ထိုးမှာပါ။ သွားလာရခက်ခဲတဲ့ တိုင်းရင်းသားဒေသတွေကိုလည်း သွားရောက်ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာလည်း ဒီလိုပဲ ဆောင်ရွက်ကြမှာပါ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကာကွယ်ဆေးတွေကို ကျောင်းအခြေပြုနဲ့ ပြည်သူ့အခြေပြုဆိုပြီး အဆင့် ၂ ဆင့်ခွဲကာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဒု-ဦးစီးမှူး ဒေါက်တာလွင်လွင်မွန်က “ပထမအနေနဲ့ နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေ လုပ်မှာပါ။ ဒီဇင်ဘာ ၁၁ မှ ၂၀ အထိလူထု အခြေပြု ကာကွယ်ဆေးထိုးမယ်။ ကျောင်းအခြေပြု လုပ်ပြီးရင် ပြည်သူလူထု အခြေပြုလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်မှာပါ။ အသိပေး ဆွေးနွေပွဲတွေ၊ ကြော်ငြာတွေ၊ နှိုးဆော်တာတွေ လုပ်ဆောင်ပေးသွားမှာပါ”လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်တွေကို ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့လိုပြီး ကျောင်းနဲ့ ရပ်ကွက်၊ ကျေးရွာတွေအထိ အသိပညာပေး၊ နှိုးဆော်တာတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)