ဘားအံအကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွား
DVB
·
November 2, 2017
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံ အကျဉ်းထောင်(တောင်ကလေး) အကျဉ်းဦးစီးဌာန ဝင်းအတွင်း နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ မီးသတ်အရာရှိတဦးက “ရေခဲသေတ္တာ Save Guard အပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းတာပါ။ တပ်သား ခင်နှင်းပွင့်ဖြူ အိမ်ကနေ စဖြစ်တာပါ။ စဖြစ်ဖြစ်ချင်း သတိလစ်ပြီး ရှော့ခ်ဖြစ်သွားတယ်။ မီးနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတွေတော့ တခုမှ မရှိဘူး”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဘားအံမြို့နယ်မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ စက်မှုဇုန်မှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီ ၄၅ မိနစ်မှာ မီးညွန့်ကျိုးခဲ့တယ်လို့ မီးသတ်အရာရှိက ပြောပါတယ်။
မီးလောင်မှုကြောင့် ထောင်အတွင်းရှိ အကျဉ်းထောင် ဝန်ထမ်းတွေ နေထိုင်ရာ တန်းလျား ၆ ခန်းတွဲ (ပတ်လည် ၆၀×၁၅ ပေ သွပ်မိုး) လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် တပ်သား ခင်နှင်းပွင့်ဖြူကို ဘားအံမြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ (ပ) ၁၃၂၂/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဘားအံမြို့မရဲစခန်းမှ သိရပါတယ်။
သတင်း - အာကာမင်း