Home
မြန်မာသတင်း
အစိုးရ၏တည်ဆောက်လုပ်ငန်းများ ရှေ့ကဆောက် နောက်ကပျက်နေ
DVB
·
November 2, 2017
အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဟာ အရည်အသွေးမမီဘဲ ရှေ့ကဆောက် နောက်ကပျက် ဖြစ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ဝေဖန်ပြောဆို လိုက်ပါတယ်။ နိုဝင်ဘာ ၁ ရက် ပြည်သူ့လွှတ်တော်မှာ ဂန့်ဂေါ မဲဆန္ဒနယ်က ဒေါ်ယဉ်မင်းလှိုင်က  “နိုင်ငံတဝန်းလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို တင်သွင်းရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ "ခေတ်အဆက်ဆက် အစိုးရ ဝန်ကြီးဌာနများမှာ ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်တဲ့ လမ်းတံတား အဆောက်အဦ ဆည်မြောင်းတာတမံ တည်ဆောက်ရေးတွေကို ကိုယ်တိုင်တွက်ချက်၊ ကိုယ်တိုင်စိစစ်၊ ကိုယ်တိုင်ဘတ်ဂျက်ပြင်ဆင်၊ ကိုယ်တိုင်တည်ဆောက်၊ ကိုယ်တိုင်အရည်အသွေးစစ် လုပ်ခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ အရည်အသွေးမမီမှုတွေ၊ အဂတိလိုက်စားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ တသီကြီး ဖြစ်ပေါ်စေခဲ့ပြီး ရှေ့ကဆောက် နောက်ကပျက် မကြာခဏပြုပြင်ဖို့ ဘတ်ဂျက်တွေ ထပ်တောင်း။" နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ Third Party တွေထားပြီး တည်ဆောက်ဖို့လည်း ဂန့်ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်က ပြောဆိုဆွေးနွေးခဲ့ ပါတယ်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်မှာ လက်ခံ ဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူလို့ ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း  ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရက တောင်းတဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ကိစ္စနဲ့စပ်လျဉ်းပြီး ဆွေးနွေးရာမှာ အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဟာ အရည်အသွေး မမီကြောင်း ဓာတ်ပုံတွေနဲ့တကွ တင်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024