ဦးခေါင်း ၂ လုံး၊ ခန္ဓာကိုယ်တခုတည်းဖြင့် မွေးဖွားလာသည့် အံ့ဖွယ်အမြွှာကလေး

ဓာတ်ပုံ - သည်ဆန်း
အိန္ဒိယနိုင်ငံမှာ ဦးခေါင်း ၂ လုံး၊ ခန္ဓာကိုယ်တခုတည်းနဲ့ မွေးဖွားလာခဲ့ကြတဲ့ အမြွှာကလေးငယ်တွေဟာ မွေးဖွားပြီး ၂၄ နာရီအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ မဟာရက်ခ်ျထရာပြည်နယ်၊ ဘိဒ်မြို့ဆေးရုံမှာ ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ဟာ မွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် ၈ ဒသမ ၁ ပေါင်ရှိပြီး ဗိုက်ခွဲမွေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမြွှာကလေး ၂ ယောက်မှာ အသည်းကတော့ တခုတည်းသာပါရှိပြီး နှလုံးနဲ့ အဆုတ်တွေကတော့ သီးခြားစီ ဖြစ်နေခဲ့တာပါ။ ခုလိုဖြစ်တည်နေတာကို သန္ဓေသားရဲ့ ကိုယ်ဝန်ဆောင်သက်တမ်း ၃၂ ပတ်မှာမှ အာထရာဆောင်း ရိုက်ကြည့်ရာမှတဆင့် သတိပြုမိခဲ့ကြတာပါ။ မီးယပ်နှင့် သားဖွားပညာဆိုင်ရာ ဆေးပညာဌာနမှ ဒေါက်တာ ဆန်ဂျေးဘန်ဆုဒ်က အမြွှာကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ မွေးလာနိုင်ပေမယ့် အသက်ဆက်ရှင်နိုင်မယ့် အခွင့်အလမ်းကတော့ တော်တော့်ကို နည်းတယ်လို့ ပြောပါတယ်။ “ဒီကလေးတွေဟာ ဦးခေါင်း ၂ လုံးနဲ့ မွေးဖွားလာတဲ့ ရှားပါးအခြေအနေတခုဖြစ်ပြီး များသောအားဖြင့်တော့ အသေပဲ မွေးဖွားလာတာများပါတယ်။” အခုဖြစ်စဉ်မှာတော့ အမြွှာကလေးတွေကို ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် အသက်ရှူ ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေနဲ့ ထားရှိခဲ့ပေမယ့် ၂၄ နာရီအတွင်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ မိဘတွေမှာ သမီး ၃ ယောက်နဲ့ သား ၁ ယောက် မွေးဖွားခဲ့ပြီးဖြစ်ကာ လက်ရှိမွေးဖွားလာတဲ့ ဒီအခြေအနေကတော့ အံ့အားသင့် ထိတ်လန့်စရာ ဖြစ်ခဲ့တာပါ။ သူတို့ရဲ့ကလေးကို ကယ်တင်ပေးနိုင်ဖို့ မိဘတွေက ဆရာဝန်တွေကို တောင်းဆိုခဲ့ပေမယ့် ဒါဟာ ရှားတောင့်ရှားပါး အခြေအနေ ဖြစ်တာမို့ မကယ်တင်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်တခုတည်းသာ ပါရှိတဲ့ ဒီအခြေအနေမှာ သီးခြားစီ ခွဲထုတ်ပစ်လိုက်ဖို့ မဖြစ်နိုင်ဘဲ အသက်ရှင်သန်နိုင်မယ့် အခြေအနေဟာလည်း တော်တော့်ကို နည်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up