Home
မြန်မာသတင်း
ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း ဆွေးနွေးပွဲ မြိတ်တွင် ပြုလုပ်
DVB
·
November 1, 2017
PTTEPI ရဲ့ ကမ်းလွန်လုပ်ကွက် M-9 နဲ့ M-11 အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်နေ့က မြိတ်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံတူးဖော်လုပ်ငန်းတွေ ထပ်မံတိုးချဲ့လုပ်ကိုင်မယ့် M-9 နဲ့ M-11 အတွက် ကုမ္ပဏီတာဝန်ရှိသူတွေ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှ တာဝန်ရှိသူတွေ၊ ပညာရှင်တချို့နဲ့  ဒေသခံတွေ၊ ငါးဖမ်းလှေ လုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ကို ဖိတ်ကြားပြီး မြိတ်မြို့၊ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးမှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “၂၀၁၄ ခုနှစ်မှာ ဇောတိက သဘာဝဓာတ်ငွေ့ တူးဖော်ရေးကို စတင်ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ကျနော်တို့ နေ့စဉ် တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၅၀ ဝန်းကျင်လောက် ထုတ်ပါတယ်။ ထိုင်းနိုင်ငံကို တနေ့ သန်းပေါင်း ၂၄၀-၂၅၀ လောက်ကို ပေးပို့နိုင်ပါတယ်။ ပြည်တွင်း သုံးစွဲဖို့ သန်း ၂၀၀ ပတ်ဝန်းကျင်လောက် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ အခုလက်ရှိလည်း ထုတ်လုပ်နေပါတယ်။ နောက်ထပ်လည်း ပိုမိုထုတ်လုပ်နိုင်ရန် ပြည်တွင်းသုံးစွဲမှု ပိုမိုလုံလောက်လာမယ်ဆို ရည်မှန်းထားတာပါ" လို့ PTTEPI ကုမ္ပဏီရဲ့ အကြံပေးအရာရှိ ဦးခင်မောင်ကြီးက ပြောခဲ့ပါတယ်။ ရေလုပ်ငန်းရှင်တွေကတော့ အဆိုပါ လုပ်ကွက်နေရာတွေ ငါးဖမ်းဧရိယာအတွင်း ကျရောက်ခြင်း၊ ငါးဖမ်းရာသီနဲ့ တိုက်ဆိုင်နေတဲ့အတွက် လုပ်ငန်းတွေ ထိခိုက်လာမှာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ “ဒီနေရာ ဒီအချိန်မှာ ကျနော်တို့က ငါးလည်း ဖမ်းမယ်။ ရေနံကလည်း ဒီနေရာ ဒီအချိန်မှာ ရှာဖွေရေး လုပ်မယ်ဆိုရင် တိုက်ဆိုင်မှုတွေ ဖြစ်နေတယ်။ ဒီလို တိုက်ဆိုင်နေရင် ကျနော်တို့က ဆုတ်ပေးရလိမ့်မယ်။ ဝန်ကြီးဌာန အသီးသီးကလည်း ဖြတ်သန်းသွားလာခွင့် မရှိဘူးဆိုတဲ့ အမိန့်ကို ထုတ်မယ်။ ဒေသခံ ငါးဖမ်းလှေတွေက ဒီနေရာ၊ ဒီအချိန်မှာမှ ငါးဖမ်းဆီးတာ လုပ်ကိုင်လို့ မရဘူးဆိုရင် ကုမ္ပဏီတွေအနေနဲ့ ရေလုပ်သားတွေအတွက် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ သိချင်ပါတယ်”လို့ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌဋ္ဌ ဦးစန်းမောင်က မေးမြန်းဆွေးနွေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကြီးမားတဲ့ ရေပြင်ဧရိယာကို ကန့်သတ်မှာ မဟုတ်ဘဲ စမ်းသပ်တူးဖော်မယ့် ၁ ကီလိုမီတာ ပတ်လည်ကိုသာ ကန့်သတ်မှာ ဖြစ်တယ်လို့ ပြောပေမယ့်လည်း ငါးလုပ်ငန်း လုပ်ကိုင်သူတွေက တူးဖော်ရေးလုပ်တိုင်း ၁၄၄ ထုတ်ပြန်ကာ ပတ်လည် ၁၀ မိုင်အနီးကိုတောင် ဝင်ရောက်ခွင့် မရတဲ့အကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ကျွန်းစုဒေသခံတွေအနေနဲ့လည်း အခုလို လူထုတွေ့ဆုံပွဲတွေ လုပ်ရင် ဒေသခံ အစစ်တွေကို ဖိတ်ကြားသင့်ပြီး ပွင့်လင်းမြင်သာ ချပြဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024