Home
အနုပညာ
‘ကျွန်’ ဇာတ်ကားနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနဌာနက တရားစွဲ
DVB
·
November 1, 2017
ပုဂံဒေသနောက်ခံ ‘ကျွန်’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရှေးဟောင်းသုတေသနဌာနက ဇာတ်ကား တာဝန်ရှိသူတွေကို တရားစွဲဆိုထားပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခွင့်ပြုချက် ပေးမထား၊ စီးပွားဖြစ် ရိုက်ကူးတာ၊ ‘ကျွန်’ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုတာ၊ ဒေသခံတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်တဲ့ သရုပ်ဆောင်၊ အပြောအဆိုတွေကြောင့် တရားစွဲဆိုထားတာလို့ သာသနာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန ကိုယ်စား တရားလိုဖြစ်တဲ့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။ “ဥပမာ၊ သူတောင်းစားကို ဘယ်ရပ်ကွက်ကလဲ မေးတော့ မင်္ဂလာသာစည်ကပါလို့ ပြောတဲ့ ဇာတ်ဝင်ခန်း၊ နောက်ခံက ပုဂံဘုရားတွေ အသုံးပြုထားတာတွေကြောင့် စွဲတာပါ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၁ နဲ့ပါ။” တရားစွဲတာဟာ ထုတ်လုပ်သူ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာတွေ အားလုံး သက်ဆိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းရှိပါတယ်။ အခုလို ရှေးဟောင်းသုတေသနဦးဌာနက တရားစွဲဆိုလိုက်တယ်ဆိုတာ သိရတော့ အံ့သြမိတယ်လို့ ဒေသခံတွေက ပြောပြီး ဌာနဘက်က ရပ်တည်မယ်လို့လည်း ပြောပါတယ်။ ဒီဇာတ်ကားကို ဝေဖန်တာတွေ များခဲ့တဲ့နောက် ဇူလိုင်လမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းနဲ့ ဇာတ်ကား တာဝန်ရှိသူတွေ လာရောက်ပြီး တောင်းပန်ညှိနှိုင်းပွဲကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို နာမည်ပြောင်းပြီး ဝေဖန်ခံရတဲ့ ဇာတ်ကွက်တွေကို ဖယ်ရှားပေးမယ်လို့ ဦးလူမင်းက ပြောကြားထားပါတယ်။ သတင်း - မျိုးဆက်စံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024