ရှင်ဇိုအာဘေးကို ဂျပန်ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က မဲအများဆုံးနဲ့ အနိုင်ရအပြီး ရှင်ဇိုအာဘေးကို ဝန်ကြီးချုပ်အဖြစ် နိုဝင်ဘာ ၁ ရက်က ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ရွေးကောက်ပွဲမှာ ဂျပန်အောက်လွှတ်တော် အမတ်ဦးရေရဲ့ ၃ ပုံ ၂ ပုံအထိ ပြန်လည် အနိုင်ရရှိခဲ့တာပါ။ ရှင်ဇိုအာဘေးရဲ့ အယ်လ်ဒီပီပါတီက အခုလို အမတ်နေရာ အပြတ်အသတ် အနိုင်ရထားတာကြောင့် ဒုတိယကမ္ဘာစစ်လွန်က ရေးဆွဲခဲ့တဲ့ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ကိစ္စ ပြန်လည်အားကောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်ပါလီမန် လုပ်ထုံးလုပ်နည်းနဲ့အညီ ရှင်ဇိုအာဘေးကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်တယ်လို့လည်း လွှတ်ေ်တာ်ဥက္ကဋ္ဌ တာဒါမိုရီ အိုရှီမာက ပြောပါတယ်။ ရှင်ဇိုအာဘေးဟာ လက်ရှိဝန်ကြီးများကိုသာ ရာထူး ပြန်လည်ခန့်အပ်သွားဖွယ်ရှိပြီး လာမယ့်နှစ် မတ်လ ၃၁ ရက်နေ့အထိရှိတဲ့ ထပ်တိုးဘတ်ဂျက်တင်ပြဖို့ ပြောကြားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်ကို အလည်အပတ် မလာရောက်မီ ရှင်ဇိုအာဘေး ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ဂျပန်ကို အလည်အပတ် လာရောက်မှာဖြစ်ပြီး မြောက်ကိုရီးယားကိစ္စ ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up