Home
မြန်မာသတင်း
ဘဏ္ဍာရေးနှစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်မဲမခွဲဘဲမှတ်တမ်းတင်
DVB
·
November 1, 2017
  မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲ ပြင်ဆင်သတ်မှတ်ဖို့ သမ္မတရဲ့ ပေးပို့ချက်ကို   ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ မှတ်တမ်းတင်ထားလိုက်ပါတယ်။ မြန်မာနိုင်ငံလက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနှစ် ဖြစ်တဲ့ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲ ပြင်ဆင်သတ်မှတ်မှုကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ  ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ မှတ်တမ်းတင်ကြောင်းကြေညာချက်ဟာ လွှတ်တော်တွင်းမဲခွဲ ဆုံးဖြတ်မှု မယူဘဲ ကြေညာခဲ့တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တဦးက နာယကရဲ့ မှတ်တမ်းတင်ကြောင်းကြေညာချက်ကို ကန့်ကွက်ကြောင်း တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေအရ နိုင်ငံတော်သမ္မတရဲ့ ပေးပို့လာတဲ့ကိစ္စတွေအပေါ် ပြည်ထောင်စုလွှတ်တော်နာယကမှ သဘောတူညီမှုရှိပါက လွှတ်တော်ကို အသိပေးပြီး တိုက်ရိုက်မှတ်တမ်းတင်ခွင့်ရှိတယ်လို့ တပ်မတော်သားကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အစိုးရရဲ့လုပ်ငန်းတွေ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးနဲ့  ပြည်သူ့ဘဏ္ဍာငွေ ရရှိ/ သုံးစွဲမှုတွေကို ပြည်သူ့အတွက် ပိုမိုထိရောက် အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် ခုလို  ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်တာလို့ လွှတ်တော်မှာ ရှင်းလင်းသွားပါတယ်။ “ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ သတ်မှတ် ဆောင်ရွက် လိုတဲ့ အဓိက အကြောင်းရင်းမှာ ယနေ့ အချိန်အခါဟာ ပြည်သူတို့ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်ဖို့ လိုအပ်နေတဲ့ အချိန် ဖြစ်သလို့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတွေရဲ့ တည်ဆောက်ရေးနဲ့ ဝယ်ယူရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ တစ်ဆက်တည်း ဖြစ်တဲ့ ပွင့်လင်းရာသီ အများဆုံး ရရှိနိုင်စေဖို့ဖြစ်တယ်” ဒါ့အပြင် စိုက်ပျိုးစရိတ် ချေးငွေတွေ ထုတ်ချေးခြင်းဟာ တောင်သူ လယ်သမားတွေကို စိုက်ပျိုးစရိတ် အချိန်မီရရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်လို့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပေမယ့် ချေးငွေကာလကိုတော့ ပြောင်းလဲရန် အစီအစဉ် မရှိဘူးလို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ မြန်မာပြည်မှာ ၄၃ နှစ်ကျော်ကြာကျင့်သုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကို ပြာင်းလဲသတ်မှတ်မယ့်ကိစ္စနဲ့ ပတ်သက်လို့  ပြန်လည်သုံးသပ်သင့်ပြီး အလောသုံးဆယ် မပြောင်းသင့်ဘူးလို့  တပ်မတော်သားကိုယ်စားလှယ်တွေက အောက်တိုဘာ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်း အကြံပြုဆွေးနွေးခဲ့ပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024