Home
မြန်မာသတင်း
မုံရွာတွင် တရားရုံးထုတ်အချုပ်သား ၇ ဦး အချုပ်ခန်းဖောက်ပြေး၊ ၄ ဦးလွတ်မြောက်နေ
Aung Ko Latt
·
November 1, 2017
  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် တရားရုံးအချုပ်ခန်းအတွင်းမှာ မနေ့ညနေက    တရားရုံး ထုတ်လာတဲ့ အချုပ်သားတွေထဲက အချုပ်သား ၇ ဦး အချုပ်ခန်း ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ ထွက်ပြေးသူတွေက အရှည် ၆ လက်မခန့်ရှိတဲ့ သံဖြတ်ဒိုင်းလွှကျိုးကို အသုံးပြုပြီး အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၂ ပေ သစ်သားတိုင် သံဆူးကြိုးကာထားတဲ့ အချုပ်ခန်း အနောက်တောင်ဖက်က သစ်သားပြားကိုဖြတ်ကာ ထွက်ပြေးခဲ့တာပါ။ အချုပ်ခန်းဖောက်ထွက်ပြေးတာသိလို့ လုံခြုံရေးရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာက ကျော်စွာထွန်း (၁၈နှစ်)၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်က ရဲရင့်ထူး(၂၄နှစ်)နဲ့ ရဲနောင် (၂၄နှစ်)တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမယ့် တိုးနိုင် (၄၃နှစ်) ၊ နောင်ရဲ (၂၉နှစ်) ၊အောင်ပြည့်စုံဟိန်း (၂၀နှစ်) နဲ့ ဇော်မင်းနိုင် (၂၈နှစ်)တို့ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ မုံရွာအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ အမှုရင်ဆိုင်ဆဲအချုပ်သား ကျား ၅၂ ဦး၊ မ ၁ဦး စုစုပေါင်း ၅၃ဦး၊ မုံရွာမြို့မရဲစခန်းမှ အမှုရင်ဆိုင်ဆဲ အချုပ်သား ကလေးအချုပ်သား ကျား ၃ ဦး စုစုပေါင်းအချုပ်သား ၅၆ ဦးတို့ကို အမှုရင်ဆိုင်စစ်ဆေးဖို့ ယာယီအနေနဲ့ မုံရွာခရိုင် တရားရုံး အချုပ်ခန်းမှာ ချုပ်နှောင်ရုံးထုတ်ခဲ့တာပါ။ ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သားတွေ ဖမ်းဆီးရမိရေးအတွက် ခရိုင်၊ မြို့နယ်ရဲမှူးတွေဦးဆောင်ပြီး နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့ စာင့်ကြည့်နေပါတယ်။ အဲဒီနေ့ကတာဝန်ကျတဲ့ တရားရုံး မှုခင်းမှတ်တမ်း တာဝန်ခံ ရဲအုပ်တဦး၊ တရားရုံးထုတ်တာဝန်ကျ ဒုရဲအုပ်တဦးနဲ့  တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ် ၂ယောက်၊ တပ်သား ၈ယောက် စုစုပေါင်း ၁၃ ယောက်တို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024