ချဲလ်ဆီးကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး ရိုးမား အုပ်စုထိပ်မှ ဦးဆောင် (ရုပ်သံဟိုက်လိုက်)

2.4K
ချန်ပီယံလိဂ် အုပ်စု စီ ပွဲစဉ်အဖြစ် စီးရီးအေကလပ် ရိုးမားနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတို့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ ရိုးမားက အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်မှာ အခြေအနေကောင်းနေတဲ့ အင်္ဂလန်ကလပ်အသင်းတွေထဲ ချဲလ်ဆီးက ပထမဆုံး ရှုံးပွဲကြုံတွေ့တဲ့အသင်း ဖြစ်လာပါတယ်။
အုပ်စုထိပ်က ဦးဆောင်နိုင်ရေး နှစ်သင်းစလုံး အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာပြီး အပြန်အလှန် ကစားသွားတဲ့အတွက် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။
ပွဲအစ ၁ မိနစ်မှာပဲ အယ်လ်ရှာရာဝီက ရိုးမားအတွက် အဖွင့်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အနည်းငယ် အသာစီးရခဲ့ပေမယ့် မိုရာတာ၊ ပက်ဒရို၊ ဟာဇက်တို့ရဲ့ တိုက်စစ်ကို ရိုးမားခံစစ်က အကောင်းဆုံး ဟန့်တား ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းမှာ အဓိက ကွင်းလယ်လူ ကန်တီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့အတွက်လည်း ကွင်းလယ်အားနည်းခဲ့ရပါတယ်။
ရိုးမားအတွက် ဒုတိယဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ အယ်လ်ရှာရာဝီကပဲ သွင်းယူပေးခဲ့ပြီး နောက်ဆုံး အပိတ်ဂိုးကိုတော့ ၆၃ မိနစ်မှာ ပါရော့တီက သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် ရိုးမားက လေးပွဲကစား၊ ရမှတ် ၈ မှတ်နဲ့ အုပ်စု ပထမနေရာက ဦးဆောင်ထားနိုင်သလို ချဲလ်ဆီးကတော့ ရမှတ် ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဒီအုပ်စုကပဲ စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်တို့ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ တဖက် တဂိုးစီ သရေကျသွားပါတယ်။
အုပ်စုတွင်းရပ်တည်မှုမှာတော့ အက်သလက်တီကိုမက်ဒရစ်က ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယ၊ ကာရာဘတ်က ရမှတ် ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။