မော်ဒယ်အေဂျင်စီများမှ ခေါ်ယူရန် အလုအယက် ကြိုးစားနေရသည့် လူမည်းကျောင်းသူလေး

ဓာတ်ပုံ - Instagram/thesunk
အမေရိကန်နိုင်ငံမှ တက္ကသိုလ်ကျောင်းသူ လူမည်းမိန်းကလေးတဦးရဲ့ ဓာတ်ပုံတပုံဟာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် သူ့ကို မော်ဒယ်အေဂျင်စီတွေက အလုအယက် ဆက်သွယ်ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ အနော့ခ်ရိုင် အမည်ရတဲ့ အဲဒီမိန်းကလေးဟာ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး ဝါရှင်တန်ဒီစီမြို့မှ ဟောင်းဝါ့ဒ် တက္ကသိုလ်ကျောင်းသူတဦး ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းဆင်းပါတီပွဲမှာ သူ့ကို ဓာတ်ပုံဆရာတဦးက ဓာတ်ပုံရိုက်ခွင့် တောင်းခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံဆရာက သူ့ကိုယ်သူ TheSUNK လို့ မိတ်ဆက်ပြောခဲ့တာပါ။ အဲဒီနောက်တော့ ဓာတ်ပုံဆရာက မိန်းကလေးရဲ့ပုံကို အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ လူတွေက အာရုံစိုက် မျက်စိကျခဲ့ကြတာပါ။ နေ့ချင်းညချင်းပဲ သူ့ဆီ ဖုန်းတွေဆက်သွယ်ပြီး အင်တာနက်ပေါ်မှာ ပုံတွေကို ပြန်မျှဝေတဲ့ထိ နာမည်ကြီးနေခဲ့ပေမယ့် ဒါဟာ တယောက်ယောက်က နောက်ပြောင်နေခဲ့တာဖြစ်မယ်လို့ သူက ထင်နေခဲ့တယ်လို့ အနော့ခ်ရိုင်က ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက အီဂျစ်နိုင်ငံမှ အမေရိကန်နိုင်ငံဆီ ရွှေ့ပြောင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူဟာ တက္ကသိုလ်မှာ ဇီဝဓာတုဗေဒဘာသာ အထူးပြု ကျောင်းသူတဦးအဖြစ် တက်ရောက်နေတာပါ။ မော်ဒယ်တဦးဖြစ်ဖို့ အိပ်မက်ဟာ သူ့အတွက်တော့ အမြဲတမ်း ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတခုသာဖြစ်ပြီး လက်ရှိအချိန်ထိ သူ့ကို မော်ဒယ်အေဂျင်စီ ၃ ခုလောက်က ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

More News
Up