နေပြည်တော်တွင် ၈ တန်းကျောင်းသား ၅ ဦးကို ကားတိုက်ခံရ၊ ၂ ဦးသေဆုံး
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 31, 2017
အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက ဇေယျာသီရိမြို့နယ် ခေတ်အေး အထက ကျောင်းက ၈ တန်းကျောင်းသား ၅ ဦး ကြက်စာတင်ကားတိုက်ခံရပြီး ၂ ဦးမှာ အခင်းဖြစ်ပွားရာ နေရာပင် သေဆုံးခဲ့ပါတယ်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မရမ်းချောင်ကျေးရွာနဲ့ ခေတ်အေးကျေးရွာကြားရှိ မိုင်တိုင် ၂၆၃/၅ ၊ ၂၆၃/၆ ကြားမှာ ဒီနေ့ မနက်ပိုင်းက ပျဉ်းမနားဘက်ကနေ တပ်ကုန်းဘက်ကို မောင်းနှင်လာတဲ့ ကြက်စာတင်ကားဟာ တဘက်ယာဉ် ကြောဘက်ကို ရောက်ရှိသွားခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ ကျောင်းသွားတဲ့ ၈ တန်းကျောင်းသား ၅ ဦးကို ကြက်စာတွေ တင်ဆောင်လာတဲ့ကားက နောက်ကနေ ၀င်ရောက်တိုက်မိခဲ့တာပါ။
အဲ့ဒီကျောင်းသားတွေဟာ ခေတ်အေး အထက ကျောင်းမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ၈ တန်း ကျောင်းသားတွေဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာပင် ၂ ဦး သေဆုံးခဲ့ကာ ၁ ဦး စိုးရိမ်အနေအထားနဲ့ ဆေးဝါးကုသနေရတယ်လို့ သိရပါတယ်။
ကျန်တဲ့ ၂ ဦး (မစိုးရိမ်ရ)မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပေးပို့ထားပြီး ဆေးဝါးကုသမှုတွေ ခံယူနေပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် အရေးယူဆောင်ရွက်နိုင်ဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။