ဒေါ်နယ်ထရမ့်နှင့် နေတန်ယာဟုတို့ အနမ်းပေးနေကြသည့် ဂရပ်ဖတီရုပ်ပုံ ထွက်ပေါ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးအနောက်ဘက်ကမ်း ဗက်သလီဟမ်နံရံပေါ်မှာ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အနမ်းပေးနေကြတဲ့ ဂရပ်ဖတီရုပ်ပုံတပုံ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပုံကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့အခြေစိုက် ဂရပ်ဖတီ အနုပညာရှင်တဦးဖြစ်တဲ့ လုရှ်ဆပ်ခ်က ရေးဆွဲခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ အောက်တိုဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နာမည်ကြီး သရုပ်ဆောင် အနုပညာရှင်တွေရဲ့ ပုံတွေကို ရေးဆွဲရာမှာလည်း နာမည်ကြီးသူတဦး ဖြစ်ပါတယ်။ လုရှ်ဆပ်ခ်ဟာ ဒီပုံကို တညလုံး ရေးဆွဲခဲ့ရတာဖြစ်ပြီး “ဒီနံရံက သူကိုယ်တိုင်ပေးတဲ့ သတင်းစကားတခုပါပဲ” လို့ ပြောလိုက်ပါတယ်။ ပုံပေါ်မှာတော့ ထရမ့်နဲ့ နေတန်ယာဟုတို့ရဲ့ အပြန်အလှန် ပြောစကားတွေကို ထည့်သွင်း ရေးဆွဲပြထားခဲ့တာကို တွေ့ရပါတယ်။ “ဒီနံရံအတွက် ကျေးဇူးပါပဲ… ထရမ်ပီပမ့်ပ်ကင်းလေးရယ်” လို့ နေတန်ယာဟုရဲ့ ပြောစကားအဖြစ် ထည့်သွင်းရေးသားခဲ့ပြီး ထရမ့်ကတော့ “ဘီဘီ… ငါ့ရဲ့အချစ်တွေဟာ မင်းနဲ့ မင်းရဲ့နိုင်ငံအတွက် အမြဲတမ်း ပထမပါပဲကွယ်” လို့ ဖော်ပြထားခဲ့တာပါ။ လုရှ်ဆပ်ခ်က “ကျနော် ဒီစာသားတွေထဲမှာ ပါလက်စတိုင်းလွတ်မြောက်ရေး၊ ဒါမှမဟုတ် တိုက်ရိုက်ပြောစကားတခုခုကို မရေးချင်ပါဘူး။ အဲဒါက လူတွေ လျစ်လျူရှုလိုက်ကြမှာ” လို့ ပြောပါတယ်။ သူ့ရဲ့ ၂၀၁၆ ခုနှစ်က ရေးဆွဲခဲ့တဲ့ အမေရိကန် နာမည်ကြီးတွေဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ မယ်လ်နီယာထရမ့်တို့ရဲ့ အပေါ်ပိုင်းဗလာကျင်း ဂရပ်ဖတီ လက်ရာတွေဟာလည်း နာမည်ကြီးခဲ့ပါသေးတယ်။ ဒီ့အတွက် သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို ပိတ်လိုက်ရသည်အထိ ဖြစ်သွားခဲ့ဖူးပြီး အများပြည်သူကြား ဝေဖန်မှုတွေလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။

More News
Up