A d v e r t i s e m e n t With Us

ချောကလက် ဖက်ရှင်ပြပွဲ ပါဝင်သည့် နိုင်ငံတကာ ချောကလက် ဈေးရောင်းပွဲတော်ကြီး ကျင်းပ

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အချက်အခြာနေရာမှာ နှစ်စဉ်ကျင်းပမြဲ နိုင်ငံတကာ ချောကလက် ဈေးရောင်းပွဲတော်ကြီးကို အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ၅ ရက် ကျင်းပမယ်လို့ စီဂျီတီအန်သတင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၆၀ မှ တက်ရောက်သူပေါင်း ၅၀၀ ကျော်နဲ့အတူ ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ ဒီပွဲကြီးက အရသာရှိပြီး ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တခုကို ပြုလုပ်ကာ ချောကလက်တွေနဲ့ ဆင်ယင်ထားတဲ့ ဖက်ရှင်ဝတ်စုံတွေကို မော်ဒယ်တွေက ဝတ်ဆင်ပြသတဲ့ ချောကလက် ဖက်ရှင်ပြပွဲကို ပွဲတော်အတွင်း ထည့်သွင်းခဲ့တာပါ။ ချောကလက်တွေကို အဓိက ထည့်သွင်းပြသထားတဲ့ ကမ္ဘာ့အကြီးဆုံး ချောကလက်ဖက်ရှင်ပွဲကြီးဖြစ်ပြီး ကမ္ဘာတဝှမ်းက ချောကလက် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ ဖက်ရှင်ဒီဇိုင်နာတွေက ပြင်သစ်မော်ဒယ်တွေ၊ နာမည်ကျော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ ချောကလက်နဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြသစေခဲ့တာပါ။ ပွဲတော်ကို လာရောက်သူတွေက အရွယ်ရောက်ပြီးသူတွေ၊ ကလေးတွေအတွက် ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ချောကလက် ထုတ်လုပ်သူတွေရဲ့ နမူနာချောကလက်တွေကို စိတ်ဝင်စားကြမှာဖြစ်သလို ချောကလက်အမျိုးမျိုးကို မြည်းစမ်းကြည့်ရတာ စိတ်ဝင်စားကြမှာလို့လည်း ဆိုပါတယ်။ နိုင်ငံတကာ ချောကလက် ဈေးရောင်းပွဲတော်ကြီးကို ၁၉၉၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ဒီပွဲတော်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပံ့ပိုးထားတယ်လို့ သိရပါတယ်။ အရင်ပွဲတော်တွေကို ပါရီ၊ နယူးယော့ခ်၊ တိုကျိုနဲ့ မော်စကိုမြို့တွေမှာ ကျင်းပခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up