မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အာရှခြေစစ်ပွဲအတွက် လေ့ကျင့်မှု စတင်မည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အာရှခြေစစ်ပွဲအတွက် အောက်တိုဘာ ၃၁ ရက်က စတင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အာရှခြေစစ်ပွဲမှာ မြန်မာအသင်းဟာ အိန္ဒိယအသင်းနဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ မြန်မာအသင်းအနေနဲ့ အဲဒီပွဲအကြို ပြင်ဆင်မှုအဖြစ် လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဖနွမ်းပင်မြို့မှာ ခြေစမ်းပွဲကစားဖို့လည်း ရှိပါတယ်။ အဲဒီခြေစမ်းပွဲအပြီးမှာ ပြိုင်ပွဲကစားမယ့် အိန္ဒိယနိုင်ငံကို တိုက်ရိုက်သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အာရှခြေစစ်ပွဲ အုပ်စု အေမှာ ကာဂျစ္စတန်နဲ့ ရမှတ်တူပြီး ဂိုးကွာခြားချက် အသာရပေမယ့် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အိမ်ကွင်းရလဒ်အရ အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။ တခြားပွဲမှာတော့ ကာဂျစ္စတန်အသင်းက မကာအိုနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ အာရှခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ ဒုတိယရ နှစ်သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

More News
Up