A d v e r t i s e m e n t With Us

ရိုက်နှက်၊ ခြိမ်းခြောက်ခံရမှုများကြားမှ လိင်တူချစ်သူ အမျိုးသမီးတဦး၏ ဘဝခရီးကြမ်း

ဓာတ်ပုံ - အင်ဒီပန်းဒန့်
ပါကစ္စတန်ကနေ အင်္ဂလန်နိုင်ငံကို ရွှေ့ပြောင်းခဲ့တဲ့ အမျိုးသမီးတဦးဟာ မွတ်ဆလင်အသိုင်းအဝိုင်းမှာ လိင်တူချစ်သူ (လက်စ်ဘီယန်) တယောက်အဖြစ် ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောပြခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ သူက နာမည်ရင်းကို မပြောလိုခဲ့ဘဲ ဇေနာဆိုတဲ့ အမည်နဲ့သာ မန်ချက်စတာအီးဗနင်း (Manchester Evening) သတင်းစာကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လိင်စိတ်ခံယူမှုကြောင့် အသိုင်းအဝိုင်းကြားမှာ ရိုက်နှက်ခံရတာတွေ၊ အရှက်ခွဲခံရတာတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေထိ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်အာန်ကျမ်းစာအရ သူ့ရဲ့ လိင်စိတ်ခံယူမှုအပေါ် အထင်အမြင်လွဲမှား ယူဆနေခဲ့ကြတာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတာပါ။ တက္ကသိုလ်မှာ ပါရဂူဘွဲ့ သင်တန်းသူတဦးအဖြစ် တက်ရောက်နေချိန် ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ လိင်စိတ်ခံယူမှုအပေါ် အတန်းဖော်တွေက အန္တရာယ်ရှိသူတဦးအဖြစ် ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့တာပါ။ အစ္စလာမ်ဘာသာရေးကျောင်းမှာလည်း အတန်းဖော်တွေက သူ့ကို ထွက်သွားဖို့၊ ဒါမှမဟုတ် ရဲနဲ့ အရေးယူခံစေဖို့ထိ ပြုမူခဲ့ကြတာ ဖြစ်ပါတယ်။ ဇေနာကတော့ သူဟာ မွတ်ဆလင်တဦးအဖြစ် ရှိနေဆဲဖြစ်ကာ သူ့ရဲ့ လိင်စိတ်ခံယူမှုနဲ့ ဘာသာရေးယုံကြည်မှု ၂ ခုစလုံးဟာ သူ့အတွက်တော့ ထပ်တူအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ နေထိုင်နေပြီး တခြားသော မွတ်ဆလင် လိင်တူချစ်သူတွေအရေးကို ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေတာပါ။ “ကျမက မွတ်ဆလင်တဦးအဖြစ် မွေးဖွားခဲ့ပြီး မွတ်ဆလင်တဦးအဖြစ်ပဲ သေဆုံးချင်ပါတယ်။ ဒါပေမယ့် တယောက်ယောက်က ကျမကို သတ်ဖြတ်ချင်တယ်ဆိုရင် ဒါ ဘာကြောင့်ပါလဲ။ ဒါဟာ ကျမရဲ့ လက်စ်ဘီယန်အဖြစ် လိင်စိတ်ခံယူမှုကြောင့်လား။ ကျမက သန်စွမ်းရဲရင့်တဲ့ သူတယောက်ပါ။ ဒါပေမယ့် ကျမလိုပဲ တခြား (လက်စ်ဘီယန်) တွေကတော့ သတ္တိမရှိကြဘူး။ ကျမ ရှေ့ကိုထွက်လာဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ အားလုံးကို ကျမရဲ့ ဘဝဇာတ်ကြောင်း ပြောပြဖို့ပေါ့။” ဇေနာဟာ ပါကစ္စတန်နိုင်ငံ၊ ကရာချိဒေသမှာ မွေးဖွားခဲ့ပြီး ရှေးရိုးဆန်တဲ့ မွတ်ဆလင် မိဘတွေရဲ့ တဦးတည်းသော ကလေးအဖြစ် ကြီးပြင်းလာခဲ့ရတာပါ။ သူက သူ့ကိုယ်သူ ယောက်ျားလျာတဦးလို နေထိုင်ခဲ့ပြီး သူ့ရဲ့ ၁၃ နှစ်ပြည့်မွေးနေ့မှာတော့ သူဟာ ဂေးတဦးဖြစ်တယ်ဆိုတာ ကိုယ်တိုင်သိခဲ့ရတယ်လို့ ဆိုပါတယ်။ “ဒါဟာ တကယ့်ကို ခက်ခဲပါတယ်။ ရှင်ဟာ လက်စ်ဘီယန်ဖြစ်နေပြီဆိုရင် ရှင်ဟာ မွတ်ဆလင်မဟုတ်တော့ဘူး” လို့ သူက ပြောပါတယ်။ လိင်တူကာမစိတ်နဲ့ ပတ်သက်ပြီး ကုရ်အာန်ကျမ်းစာပါ အချက်အလက်တွေကို တချို့က လွဲမှားခံယူနေကြတာဖြစ်တယ်လို့ ဇေနာက ပြောပါတယ်။ ပထမဆုံးသော မတရားဖိနှိပ်ခံရမှုဟာ သူ့ရဲ့ဖခင်ဆီမှဖြစ်ကာ ဇေနာဟာ ဆယ်ကျော်သက် မိန်းကလေးတဦးနဲ့ အချိန်ဖြုန်းတီးနေခဲ့တာဟာ တခြားအမျိုးသားတဦးနဲ့ သူတို့ ၂ ဦး ပတ်သက်နေတယ်လို့ ယူဆပြီး ရိုက်နှက်ခံခဲ့ရတာပါ။ “ကျမအဖေက လှေကားပေါ်က ဆင်းလာပြီး သတ်ချင်စိတ်နဲ့ ဒေါသတကြီး ကျမကို ရိုက်နှက်တယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကျမကို ပြောခဲ့တယ်။ ဒါဟာ အိမ်မှာ နေထိုင်ရတာ မလုံခြုံတော့ဘူးလို့ ကျမ ပထမဆုံး ခံစားခဲ့ရတဲ့ အချိန်ပါပဲ။ ရိုက်နှက်ခံရတဲ့ ကျောဘက်က ဒဏ်ရာတွေကြောင့် ကျမ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ခဲ့ပါဘူး။” ဖခင်ဖြစ်သူဟာ သူ့ရဲ့ အသက် ၂၀ ဝန်းကျင်ကာလတွေမှာပဲ သေဆုံးသွားခဲ့ပြီး နောက်တော့ ဇေနာဟာ မိခင်ဖြစ်သူ အဆုတ်ကင်ဆာနဲ့ မသေဆုံးခင်အချိန်ထိ ပြုစုစောင့်ရှောက်ရင်း နေထိုင်ခဲ့ပါတယ်။ သူဟာ အစ္စလာမ်စာသင်ကျောင်းတခုမှာ စာသင်နေရင်း တခြားဆရာမတဦးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးရဲ့ အကြောင်းကို လုပ်ဖော်ကိုင်ဘက်တွေက သိသွားကြချိန်မှာတော့ အလုပ်က ထွက်သွားဖို့၊ မဟုတ်ရင်တော့ ရဲတွေကို ပြည့်တန်ဆာတွေအဖြစ် တိုင်ကြားမယ်လို့ ပြောခဲ့ကြတာပါ။ အဲဒီအချိန်မှာ သူဟာ တက္ကသိုလ်မှာ ဓာတုဗေဒအထူးပြုနဲ့ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေတာဖြစ်ပြီး ကျောင်းကလည်း ထွက်သွားဖို့ ပြောခံခဲ့ရတာ ဖြစ်ပါတယ်။ လိင်တူချင်းစုံမက်တဲ့ ဆက်ဆံမှုဟာ ပါကစ္စတန်နိုင်ငံမှာတော့ ဥပဒေအရ ရာဇဝတ်ပြစ်မှုမြောက်ပြီး ဒဏ်ကြေး၊ ဒါမှမဟုတ် ထောင်ဒဏ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဇေနာဟာ အင်္ဂလန်နိုင်ငံမှာ စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ မဟာဘွဲ့ကို ဆက်လက်သင်ယူဖို့ စတင်ခဲ့ရပါတယ်။ သူဟာ အဲဒီနောက် အင်္ဂလန်ရဲ့ ဂေးယဉ်ကျေးမှုဆီ ဝင်ရောက်ခဲ့ပြီး LGBT International နဲ့ ဘာမင်ဂမ်အခြေစိုက် Finding A Voice အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လိင်တူချစ်သူတွေအရေး တက်ကြွလှုပ်ရှားနေပါတယ်။ ဇေနာက သူဟာ မိန်းကလေးချင်း လိင်တူဆက်ဆံရေးတွေ များစွာရှိခဲ့ဖူးပြီး ဒါက ဘာအန္တရာယ်မှ မရှိခဲ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up