A d v e r t i s e m e n t With Us

မက္ကာမြို့ရှိ ဂရင်းဗလီကို ပစ်မှတ်ထားပြီး ဟူသီသူပုန် ဒုံးကျည်ဖြင့်ပစ်ခဲ့ဟု ဆော်ဒီ စွပ်စွဲ

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲ အယ်လ် ဂျူဘီယာ။ (ဓာတ်ပုံ - ရိုက်တာ)
ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ မက္ကာမြို့က ဂရင်းဗလီကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့ ပစ်ခဲ့တယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။ ယီမင်နိုင်ငံအတွင်း တိုက်ပွဲဝင်နေတဲ့ ဆော်ဒီအာရေဗျ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ စစ်တပ်ခေါင်းဆောင်တွေ အောက်တိုဘာ ၂၉ ရက်က ဆော်ဒီမြို့တော် ရီယာ့ဒ်မှာ တွေ့ဆုံပါတယ်။ ယီမင်နိုင်ငံအတွင်း ဟူသီသူပုန်တွေနဲ့ တိုက်ပွဲမှာ တိုးတက်မှုတွေကို သုံးသပ်ဆွေးနွေးဖို့ ခုလို တွေ့ဆုံတာပါ။ ညွန့်ပေါင်းအဖွဲ့ဟာ ၂၀၁၅ မတ်လမှာ ယီမင်နိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှု စခဲ့ပါတယ်။ ယီမင်နိုင်ငံအတွင်း အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်တွေနဲ့ သမ္မတဟောင်း အလီ အဗ္ဗဒူ ဆာလေးကို သစ္စာခံတဲ့ စစ်တပ်တို့ အာဏာရလာတာကို ဟန့်တားရေး ရည်မှန်းထားခဲ့တာပါ။ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲ အယ်လ် ဂျူဘီယာက အစည်းအဝေးအတွင်း မိန့်ခွန်းပြောပြီး နိုင်ငံတွင်း ဟူသီတွေ ချိုးဖောက်ခဲ့တဲ့ အရာတွေကို စာရင်းလုပ်ထားတယ်လို့ ပြောပါတယ်။ ဟူသီတွေဟာ ယီမင်ကလေးငယ် ၄ ဒသမ ၅ သန်းရဲ့ ပညာရေးကို ယိုယွင်းအောင်လုပ်တယ်၊ ကလေးအယောက် တထောင်ကျော်ကို သူတို့တပ်ထဲသွင်းတယ်၊ မြို့တွေ အရပ်သားတွေကို ပစ်မှတ်ထားတယ်၊ မြေမြှုပ်မိုင်းထောင်ပြီး အိမ်တွေကို ဖျက်ဆီးတယ်လို့ သူက ပြောပါတယ်။ ဟူသီတွေဟာ ကမ္ဘာအနှံ့က မွတ်ဆလင်တွေကို ရန်စဖို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဆော်ဒီနိုင်ငံထဲက မက္ကာ ဘာသာရေးမြို့မှာရှိတဲ့ ဂရင်းဗလီကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်လို့လည်း ဂျူဘီယာက စွပ်စွဲပါတယ်။ ဘာကံဝမ်း ပဲ့ထိန်းဒုံးကျည်နဲ့ ဆော်ဒီအာရေဗျနိုင်ငံထဲကို ပစ်ခတ်ခဲ့တယ်လို့ ဟူသီတွေက သူတို့ရဲ့ တရားဝင် သတင်းထုတ်ပြန်ရေးဌာနကနေ အောက်တိုဘာ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဂရင်းဗလီကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဆော်ဒီအာရေဗျနိုင်ငံထဲက လူအစည်ကားဆုံး လေဆိပ်ဖြစ်တဲ့ ဂျဲ့ဒါမြို့ထဲက ဘုရင် အဗ္ဗဒူလာဇစ် နိုင်ငံတကာ လေဆိပ်ကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ ညွှန့်ပေါင်းတပ်က အဲဒီဒုံးကျည်ကို မက္ကာမြို့နဲ့ မိုင်လေးဆယ်အကွာမှာ အပျက်အစီး မဖြစ်အောင် ပစ်ချနိုင်ခဲ့ပါတယ်။ ယီမင်နိုင်ငံထဲက ဒုံးကျည်လွှတ်တင်ရာနေရာကို လက်စားချေ တိုက်ခိုက်သွားမယ်လို့လည်း ဆော်ဒီအစိုးရ သတင်းဌာန အက်စ်ပီအေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up