မြောက်ကိုရီးယားတွင် ပထမဆုံးအကြိမ် ဆောင်းဦးမာရသွန်ပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားအစိုးရဟာ ပထမဆုံး နိုင်ငံတကာ ဆောင်းဦးမာရသွန်ပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပပါတယ်။ မြို့တော် ပြုံယမ်းမှာ ကျင်းပတဲ့ အပျော်တမ်း မာရသွန်ပွဲမှာ မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပါဝင်ဆင်နွှဲနေပုံကို မြောက်ကိုရီးယား အစိုးရမီဒီယာ ကေအာတီက ထုတ်လွှင့်ပါတယ်။ မြောက်ကိုရီးယား၊ နယ်သာလန်၊ ဆွီဒင်၊ ချက်သမ္မတနိုင်ငံ၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက အပြေးသမား အယောက် ၂၄၀ ကျော် ပါဝင်ဆင်နွှဲတယ်၊ ၁၀ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ ပြေးပွဲတွေ ကျင်းပခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ၁၉၈၁ ခုနှစ်က စပြီး နိုင်ငံတကာ မာရသွန်ပြေးပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၄ ကစလို့ နိုင်ငံခြားသား အပျော်တမ်း အပြေးသမားတွေ ပါဝင်ခွင့် ပြုခဲ့တာပါ။ ဒါပေမယ့် ခုတချိန်ကတော့ ဒေသခံနဲ့ နိုင်ငံတကာ အပျော်တမ်း အပြေးသမားတွေအတွက် ပထမဆုံး ဆောင်းဦးမာရသွန်ပွဲဖြစ်တယ်လို့ အစိုးရက စီမံလည်ပတ်နေတဲ့ ခရီးသွားလုပ်ငန်း DPRK Tour က ပြောပါတယ်။

More News
Up