ရေအောက်တွင် ငါးမန်းဖြူကြီးနှင့် တိုက်ခိုက်ပြီး အသက်လုခဲ့ရသည့် ငါးဖမ်းသမား (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ အယ်လစ်ဇဘက်ဆိပ်ကမ်းရှိ သောင်ခုံကျောက်တန်း ရေနက်ပိုင်းမှာ အမျိုးသားတဦး ရေကူးနေစဉ် ငါးမန်းဖြူကြီးတကောင် သူ့အနား ချဉ်းကပ်လာတဲ့အတွက် မှိန်းနဲ့ထိုးပြီး အသက်အန္တရာယ်က လွတ်မြောက်လာတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ ယူဂျင်းဗန်ဆိုတဲ့ အမျိုးသားက မှိန်းနဲ့ငါးဖမ်းဖို့ ရေအောက်ကူးခတ်စဉ် ငါးမန်းဖြူကြီးကို သူနဲ့ ပေအနည်းငယ်အကွာမှာ တွေ့ခဲ့တာပါ။ ယူဂျင်းရဲ့ဦးခေါင်းမှာ ဝတ်ဆင်ထားတဲ့ ရေအောက်ကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်သံထဲမှာ ယူဂျင်းက ငါးမန်းကြီးကို ထွက်သွားဖို့ ခြိမ်းခြောက်အော်ဟစ်နေပေမယ့် ငါးမန်းက သူ့အနားကိုတိုးပြီး ကူးခတ်လာတဲ့အတွက် မှိန်းနဲ့ထိုးလိုက်တာပါ။ သူဟာ ငါးမန်းကြီးကို အဝေးရောက်အောင် တွန်းထုတ်လိုက်ပြီး ရေကူး ထွက်ပြေးခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ ငါးမန်း အဝေးကို ထွက်သွားတဲ့အတွက် လှေဆီကို ပြန်ကူးလာဖို့ အချိန်ရသွားတယ်လို့လည်း ဆိုပါတယ်။ ယူဂျင်း လှေပေါ်ကို ရောက်သွားပေမယ့် လှေအောက် ရေထဲမှာ ငါးမန်းကြီး ဆက်ကူးခတ်လာတာကိုလည်း တွေ့ရပါတယ်။ ယူဂျင်းက “ဒီကောင်ကြီး ကိုက်လိုက်ရင်ဆိုတာ တွေးမိပြီး မှိန်းနဲ့ လှမ်းထိုးလိုက်တယ်။ ဒါက ကျနော့်အတွက် နည်းနည်းတော့ ကြောက်စရာကောင်းတယ်။ ဒါပေမယ့် မှိန်းနဲ့ဆက်ထိုးပြီး လှေက နီးနေတာဆိုတော့ ကူးနိုင်မယ်ဆိုပြီး ကူးခဲ့တာ လှေပေါ်ရောက်တော့မှပဲ စိတ်သက်သာရာရတော့တယ်” လို့ ပြောပါတယ်။ ဒီရုပ်သံထဲက အဖြစ်အပျက်ဟာ ဒီအပတ်အတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပြန်လည် ရေပန်းစားလာပြီး ကြည့်ရှုသူ သောင်းချီရှိတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

More News
Up