Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်တွင် နှစ် ၁၅၀၀ ခန့်က ရှေးဟောင်းပစ္စည်း အများအပြား တူးဖော်တွေ့ရှိ
DVB
·
October 30, 2017
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၁၅၀၀ လောက်က ဖြစ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ အများအပြား တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဝန်းသိုမြို့နယ်၊ မိုင်းသုန်ရွာ တောင်ယာမြေမှာ တွေ့တာဖြစ်ပြီး ဒါတွေကို စစ်ဆေးဖို့အတွက် တိုင်းဝန်ကြီးချုပ်က ရှေးဟောင်းသုတေသနဦးစီးဌာနအပါအဝင် အဖွဲ့တခု ဖွဲ့စည်းစေလွှတ်ခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပါတယ်။ ဒီအဖွဲ့ဟာ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ရှိတဲ့နေရာကို သွားရောက်ပြီး  တူးဖော် လက်ကျန် ပစ္စည်းအစအနတွေကို ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆင်းလေ့လာရေးအဖွဲ့ဝင် ရှေးဟောင်းသုတေသနဌာန အငြိမ်းစား ဦးဝင်းကိုက "တွေ့ရှိရတဲ့ ရှေးဟောင်းပစ္စည်းအမျိုးအစားအားလုံး ဟန်လင်း ပျူခေတ်ပစ္စည်းတွေနဲ့ အတူတူပါ။ ဒါ့ကြောင့် ကျနော်က ဒီပစ္စည်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်က ပျူပစ္စည်းတွေ ဖြစ်မယ်လို့ ယူဆပါတယ်" လို့ ပြောပါတယ်။ တွေ့ရှိတာတွေကတော့ တိုက်ခိုက်ရေးနဲ့ လုပ်ငန်းသုံး ဓားမျိုးစုံ ၁၀၁ ချောင်း၊မြား၊ သံချွန်၊ တူရွင်း စတာတွေ၊ မြေအိုး၊ သံထည်အပိုင်းအစ၊ အနီရောင် ပုတီးစေ့ပေါင်း ၂ ထောင်လောက်၊  အပြာရောင်၊ အစိမ်းရောင်နဲ့ အဝါရောင် ပုတီးစေ့၊ အရိုးအစတွေ၊ ကြေးအိုးအပိုင်းအစနဲ့ ကြေးအပိုင်းအစတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့်ကို တင်ပြဦးမယ်လို့ ဝန်းသိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024