A d v e r t i s e m e n t With Us

အမေရိကန်တွင် လူဖြူအမျိုးသားရေးဝါဒီများက ဒုက္ခသည်များအား ဆန့်ကျင်ဆန္ဒပြ

အမေရိကန်နိုင်ငံ တန်နက်စီ ပြည်နယ်မှာ လူဖြူအမျိုးသားရေး ဝါဒီတွေက ဒုက္ခသည်တွေ ချထားပေးမယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်က မြို့ငယ်လေး ၂ မြို့မှာ လူဖြူ အမျိုးသားရေး ဝါဒီတွေနဲ့ နာဇီလက်သစ် ဝါဒီတွေ အယောက် ၃၀၀ လောက် အောက်တိုဘာ ၂၈ ရက်နေ့က စီတန်းလှည့်လည် ခဲ့ပါတယ်။ ပြည်နယ်တွင်း ဒုက္ခသည်တွေကို အခြေချမယ့် အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြတာပါ။ ဒီနှစ်အစောပိုင်းကလည်း ဒီအရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကို သူတို့က တရားစွဲခဲ့ပါသေးတယ်။ လူဖြူတွေရဲ့ အသက်လည်း အရေးကြီးတယ်လို့ နာမည်ပေးထားတဲ့ စီတန်းလှည့်လည်ပွဲတွေကို မြို့ ၂ မြို့မှာ စီစဉ်ခဲ့တာပါ။ သြဂုတ်လက အကြမ်းဖက်လာခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ် ချီတက်ပွဲကို စီစဉ်ခဲ့တဲ့ အုပ်စုကပဲ အခု တဲန်းနက်စီ ပြည်နယ်မှာ ချီတက်ပွဲကို စီစဉ်ခဲ့တာပါ။ သူတို့ကို တန်ပြန်ဆန္ဒပြသူတွေ ပေါ်ပေါက်ခဲ့လို့ ရဲတွေ အကြီးအကျယ် တာဝန်ချထား ရပါတယ်။ သူတို့ ဆန္ဒပြတဲ့ မြို့ ၂ မြို့လုံးဟာ ဆိုမာလီ အီရတ်နဲ့ တခြားနေရာတွေက ဒုက္ခသည်တွေရဲ့ နေရာ ဖြစ်လာနေတဲ့ နက်ရှ်ဗေလီ ဒေသနဲ့ နီးပါတယ်။ ဆန္ဒပြသူတွေဟာ ဒိုင်းတွေကို ကိုင်ဆောင်တာ၊ မျက်နှာဖုံးတွေ ခေါင်းဆောင် ဦးထုပ်တွေ ဝတ်ဆင်တာ မလုပ်ဖို့ တားမြစ် ပိတ်ပင်ခံရပြီး ချီတက်ပွဲက ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်လို့ မာဖရီးဘိုရိုမြို့ အာဏာပိုင်တွေက တွစ်တာ လူမှုကွန်ရက်မှာ အစီရင်ခံပါတယ်။ “သူတို့အားလုံးဟာ ကျနော့်လူတွေပါပဲ သူတို့အားလုံးကို ချစ်ပါတယ်။ အစိုးရကိုပဲ ဆန့်ကျင်ပြီး သူတို့ရဲ့ အစီအစဉ်ကိုပဲ ဆန့်ကျင်တာပါ” လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။ နောက်ဆန္ဒပြသူ တယောက်ကလည်း “ဒုက္ခသည်တွေက လူကောင်းတွေပါ။ အမုန်းတရားကို အခြေပြုတာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ အသက်က အရေးကြီးတယ်ဆိုတာကို ပြောချင်တာ” လို့ ပြောပါတယ်။ ဒေသခံ အရာရှိတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ချီတက်ပွဲတွေကို ရှုတ်ချခဲ့တာပါ။ လူမျိုးရေး တိုင်းရင်းသားရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပြည်နယ်ထဲမှာ မီးတောက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တဲန်းနက်ဆီ ပြည်နယ်ထဲမှာ ဒုက္ခသည် အယောက် ၁ သောင်း ၈ ထောင် အခြေချ နေထိုင်ခဲ့ပြီး ပြည်နယ် လူဦးရေရဲ့ ၁ ရာခိုင်နှုန်းထက် လျော့နည်းတယ်လို့ တဲန်းနက်ဆီ သတင်းစာက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up