နီပေါတွင် ဟိန္ဒူဘုရားပွဲပြန် ကားတစီး မြစ်ထဲကျ၊ ၃၁ ဦး သေဆုံး

နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူမှာ ခရီးသည်တွေကို တင်ဆောင်ထားတဲ့ ဘတ်စ်ကားတစီး အဝေးပြေးလမ်းပေါ်က ချော်ပြီး မြစ်ထဲကျခဲ့လို့ လူအနည်းဆုံး ၃၁ ယောက် သေဆုံးပြီး လူအချို့လည်း ကားထဲမှာ ပိတ်မိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ခတ္တမန္ဒူမြို့တော်မှာ ကျင်းပနေတဲ့ ဟိန္ဒူဘုရားပွဲကနေ အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လာချိန်မှာ ခုလိုဖြစ်တာပါ။
ခတ္တမန္ဒူ မြို့တော်နဲ့ တောင်ပိုင်းလွင်ပြင်တွေကို ချိတ်ဆက်ထားတဲ့ ပရီဗီ အဝေးပြေးလမ်းပေါ်မှာ မတော်တဆ ဖြစ်ခဲ့တာပါ။
အလောင်း ၃၁ လောင်းကို ဆယ်ယူရရှိခဲ့ပြီး အသက်ရှင်သန်နိုင်သူရှိဖို့ အလားအလာ သိပ်မရှိဘူးလို့ အစိုးရ အရာရှိ ရမ် မာနီက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူ ၁၅ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရဲအရာရှိတယောက်က ပြောပါတယ်။
အစိုးရ အုပ်ချုပ်ရေးမှူးကတော့ လူ ၁၆ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ အသက်ရှင်သူတွေဟာ ကားပြတင်းပေါက်ကနေ လွင့်ထွက်ခဲ့သူတွေဖြစ်ပြီး ကျန်ရစ်သူ ၁၃ ယောက်က ဘတ်စ်ကားထဲမှာတင် ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။
ဘတ်စ်ကားဟာ အင်မတန် အရှိန်မြှင့် မောင်းခဲ့တယ်လို့ ရှင်သန်ကျန်ရစ်သူ တယောက်က ပြောပါတယ်။
တောင်ထူထပ်တဲ့ နီပေါနိုင်ငံမှာ လမ်းမတော်တဆမှုတွေ ဖြစ်နေကျပါ။ နှစ်စဉ် ကားတိုက်မှုကြောင့် လူအယောက် ၁၈၀၀ လောက် သေဆုံးလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး လူတွေ ကြပ်ညပ်နေအောင် တင်တဲ့ ယာဉ်တွေကြောင့် မတော်တဆ မှုတွေ ဖြစ်နေတာလို့ အပြစ်တင် ပြောဆိုထားပါတယ်။
ရုပ်သံ - စီဂျီတီအန်