လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့ကြောင်း ထရမ့်အပေါ် စွပ်စွဲမှုများ လိမ်ညာနေခြင်းဖြစ်ဟု အိမ်ဖြူတော်ပြော

သမ္မတထရမ့်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်လို့ စွပ်စွဲခဲ့သူ အမျိုးသမီးအားလုံးက လိမ်နေတာလို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာရာဟက်ကဘီးဆန်ဒြားစ်ကို မေးခွန်းတွေ ထပ်မေးခဲ့လို့ အိမ်ဖြူတော်က စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားဝင် ထပ်မံပြောကြားခဲ့တာပါ။ ဟောလီးဝုဒ်နဲ့ နိုင်ငံရေးနယ်ပယ်က ဟာဗေးဝိန်စတိန်းနဲ့ အခြား သြဇာရှိ နာမည်ကြီး အမျိုးသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပြုတယ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေဖြစ်ပြီးနောက် ဒီအကြောင်းအရာက အိမ်ဖြူတော်မှာ ထပ်မံပြန်ပေါ်လာခဲ့တာပါ။ ထရမ့်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲသူ အမျိုးသမီးအရေအတွက်ကလည်း ပြောင်းလဲနေပြီး တချို့သတင်းဌာနတွေက အမျိုးသမီး ၁၁ ယောက်လို့ ဆိုပေမယ့် အချို့ကတော့ အမျိုးသမီး ၁၆ ယောက်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရတာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ စီဘီအက်စ်သတင်းထောက်က သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကို “လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုတယ်ဆိုတာတွေကတော့ သတင်းတွေမှာ သိသိသာသာ ပါနေပါတယ်” လို့ မေးခွန်းမေးလိုက်ပြီး စည်းရုံးလှုံ့ဆော်မှုကာလတွေအတွင်း သမ္မတက သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့တယ်လို့ အနည်းဆုံး အမျိုးသမီး ၁၆ ယောက်က စွပ်စွဲထားကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ရို့စ်ဂါးဒင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတကလည်း စွပ်စွဲချက်တွေက သတင်းအမှားတွေလို့ ပြောလိုက်ပြီး စွပ်စွဲသူတွေက လိမ်နေကြတာလို့ ဆိုပါတယ်။ သမ္မတရွေးချယ်ပွဲအတွက် ထရမ့် ဆောင်ရွက်နေချိန်ကာလတွေမှာ လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ထွက်ပေါ်လာခဲ့တဲ့ ရုပ်သံထဲမှာ ထရမ့်ပ်က ၂၀၀၅ ခုနှစ် တွေ့ဆုံမေးမြန်းခန်းတခုအတွင်း သတင်းကြေညာသူကို မင်းက အကျော်အမော်တဦးဆိုရင် မင်း ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ် အစချီကာ သမ္မတရဲ့ မဖွယ်မရာ ပြောနေတာကို ကြားရပါတယ်။ အနည်းဆုံး အမျိုးသမီး ၁၁ ဦးက ထရမ့်ရဲ့ မလိုလားဖွယ် ထိတွေမှုနဲ့ အနမ်းပေးမှုကို ကြုံရတယ်လို့ စွပ်စွဲကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up