A d v e r t i s e m e n t With Us

ပြင်သစ်တရားရုံးက အီကွေတိုရီယယ်ဂီနီသမ္မတ၏ သားကို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

အီကွေတိုရီယယ် ဂီနီ နိုင်ငံခေါင်းဆောင်ရဲ့ သားကို ပြင်သစ်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ အီကွေတိုရီယယ် ဂီနီနိုင်ငံ သမ္မတရဲ့ သားဖြစ်သူကို အိမ်တွေ၊ ကားတွေ ဝယ်ယူရာမှာ သူ့နိုင်ငံတွင်းက အဓမ္မယူငင်လာတဲ့ ငွေတွေ သုံးစွဲမှုမှာ မျက်ကွယ်ပြုမှုနဲ့ အပြစ်ရှိကြောင်း ပြင်သစ်တရားရုံးက အောက်တိုဘာ ၂၇ ရက်နေ့က ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင် သူပိုင်ဆိုင်တဲ့ သန်းနဲ့ချီတဲ့ ယူရိုငွေတွေနဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့လည်း အမိန့်ချလိုက်ပါတယ်။ သမ္မတ သီအိုဒိုရို  အိုဗြွန်းရဲ့ သားအကြီးဆုံး၊ ဒုသမ္မတ ဖြစ်သူ သီအိုဒိုရင် အိုဗြွန်းကို ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ဆိုင်းငံ့ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၃၅ သန်းကိုလည်း ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် အိုဗြွန်းကို အလွဲသုံးစားမှုနဲ့ အပြစ်ရှိကြောင်းတွေ့ခဲ့လို့ သူရဲ့ ပြင်သစ်နိုင်ငံတွင်း ပိုင်ဆိုင်မှု ဖြစ်တဲ့ ယူရိုငွေ သန်းတရာကျော်တန် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ပါရီမြို့တော် တရားရုံးက ဆုံးဖြတ် အမိန့်ချခဲ့တာပါ။ အိုဗြွန်းကတော့ စွဲချက်တွေကို ငြင်းပါတယ်။ အီကွေတိုရီယယ် ဂီနီအစိုးရ ကိုယ်စားပြု ရှေ့နေက ဒီဆုံးဖြတ်ချက်ကို ခုခံကာကွယ်ပြီး ပြည်သူပိုင်ငွေ အလွဲသုံးစားမှု မရှိဘူးလို့ ပြောဆိုပါတယ်။ ပြင်သစ်တရားရေး နယ်ပယ်ရဲ့ မောက်မာစိတ်နဲ့ သူများအရေးကို လွန်လွန်ကဲကဲ စွက်ဖက်မှုလို့လည်း သူက ပြောပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကြီး Transparency International က ဒီစီရင်ချက်ဟာ ဥပမာပဲလို့ ပြောပါတယ်။ သိမ်းဆည်းရမိတဲ့ ငွေတွေကို အီကွေတိုရီရယ် ပြည်သူတွေဆီ အချိန်မီ ပြန်အပ်နှင်း နိုင်အောင်  ပြင်သစ်တရားရေး မူဘောင်ကို ပြောင်းလဲဖို့ လိုတယ်။ ဒါဟာ Transparency International France ရဲ့ ကနဦး ရည်ရွယ်ချက်ပဲလို့အဖွဲ့ရဲ့ အမှုဆောင် ညွှန်မှူး လိုဟန် ဘူနိုက ပြောပါတယ်။ ဂေဘွန်နဲ့ ကွန်ဂိုနိုင်ငံတွေ အပါအဝင် အာဖရိကနိုင်ငံ အတော်များများက သက်တမ်းရှည် ခေါင်းဆောင်တွေနဲ့ မိသားစု ဆွေမျိုးတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို တရားရေး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေအတွင်း တရားရုံးကို ရောက်လာတဲ့ ပထမဆုံး အမှုလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up