Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းတွင် အစားအသောက်များ ပြန်လည်ဖြန့်ဖြူးခွင့် WFP ရရှိ
DVB
·
October 28, 2017
ရခိုင်ပြည်နယ်မြောက်ပိုင်းကို အစားအသောက် ကူညီထောက်ပံ့ရေးအစီအစဉ်ကို ၂ လကြာလောက် ဆိုင်းငံ့ထားရာကနေ အစားအစာတွေ ပြန်လည်ဖြန့်ဖြူးဝေငှဖို့ မြန်မာအာဏာပိုင်တွေက သဘောတူလိုက်ပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၂၇ ရက်က ပြောပါတယ်။ ဒီသဘောတူညီမှုဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲက ကလေးငယ်တွေ အာဟာရ မပြည့်ဝကြလို့ သေလုနီးပါး အခြေအနေကို ရောက်နေပြီဆိုတဲ့ ယူနီဆက်ဖ်က ထုတ်ပြန်လိုက်ပြီးနောက် ပေါ်ထွက်လာတာဖြစ်ပြီး၊ သဘောတူညီချက်ထဲက အသေးစိတ် အချက်အလက်တွေကိုတော့ လုပ်ဆောင်နေဆဲပါ။ WFP ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဗုဒ္ဓဘာသာဝင်နဲ့၊ မွတ်ဆလင်အသိုင်းအဝိုင်း ၂ ခုလုံးက လူပေါင်း ၁ သိန်း ၁ သောင်းလောက်ကို အစားအသောက် ရိက္ခာတွေ ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်နောက်ပိုင်း ရခိုင်မြောက်ပိုင်းကို အစားအသောက် ဖြန့်ဖြူးဖို့ ဝင်ထွက်သွားလာဖို့ မဖြစ်နိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ် ဗဟိုနယ်မြေက လူပေါင်း ၁ သိန်း ၄ သောင်းလောက်ဆီကိုတော့ WFP ရဲ့ ကူညီပေးဝေမှုတွေ ဆက်လက်လုပ်ဆောင်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်ကလေးငယ် ၆ သောင်းလောက်ထဲမှာ ဆိုးဆိုးရွားရွား အာဟာရမပြည့်တဲ့ ကလေးငယ် ၂ ထောင်လောက်ရှိနေပြီး၊ နောက်ထပ် ကလေးငယ် ၇ ထောင်လောက်ကလည်း အတန်အသင့် အာဟာရမပြည့်တာကို ခံစားနေရတယ်လို့ ယူနီဆက်ဖ် ပြောခွင့်ရအမျိုးသမီး မာရီရှီး မာကာဒိုက ပြောပါတယ်။ လတ်တလော ထပ်ပြီးရောက်လာတဲ့အထဲက ကလေးငယ် ၃၄ဝ လောက်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အာဟာရ မပြည့်ဝတာ၊ ဆိုးရွားပြင်းထန်တဲ့ အခြေအနေကို ရောက်လုနီးပါး ကလေးက ဆယ်ရာခိုင်နှုန်းလောက် တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024