Home
မြန်မာသတင်း
ကေအန်ယူနယ်​​မြေရှိ ရေတံခွန် ၂ခုကို အပန်းဖြေနေရာအဖြစ် တိုးချဲ့မည်
DVB
·
October 28, 2017
ကရင်ပြည်နယ် ဘားအံခရိုင်၊ တပ်မဟာ ၇ ကေအဲန်ယူနယ်မြေရှိ ထီးဖာ့ဒို့နဲ့ ပရေကြေးတို သဘာဝရေတံခွန်တွေကို ခရီးသွားဧည့်သည်တွေ သွားရောက်နိုင်ဖို့ ခရီးစဉ်သစ်တစ်ခုအဖြစ် တိုးချဲ့လုပ်ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာမှုဦးစီးဌာနက သိရပါတယ်။ ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာမှုဦးစီးဌာန ပြည်နယ်ရုံးခန်းမမှာ ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအေးမောင်လှိုင် ကဒီဗွီဘီကို ပြောကြားခဲ့တာပါ။ “လှိုင်းဘွဲ ထီးဖာ့ဒို့၊ ပရေကြေးတို သဘာဝရေတံခွန်တွေကို ခရီးစဉ်ဒေသတစ်ခုဖြစ်အောင်လို့ ခရီးသည်တွေ အပန်းဖြေလို့ရအောင် ဆက်လုပ်သွားမှာပါ။ လာမယ့် ပွင့်လင်းရာသီမှာပါ။ အခုကတော့လမ်းက ဒီကနေ လှိုင်းဘွဲ မိုင်၂၅ မိုင်ကတော့ ကတ္တရာလမ်း။ ကျန်တဲ့ ရှမ်းရွာသစ် ရေတံခွန်ကိုသွားမယ့် ၂၅ မိုင်ကတော့ လမ်းကြမ်းပဲ ရှိပါသေးတယ်။အခု လမ်းခင်းဖို့လုပ်နေပါ တယ်။ အဆင့်ဆင့် လုပ်သွားမှာပါ” အဆိုပါ ထီးဖာ့ဒို့၊ ပရေကြေးတို ရေတံခွန်တွေမှာ ပြည်သူတွေ လည်ပတ်သွားရောက်နိုင်ဖို့  ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကေအဲန်ယူတာဝန်ရှိသူတွေ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အရေးရရှိစေဖို့အတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံ တဦးဖြစ်သူ  နော်အဲဖော့က“ကျမတို့ ကရင်ပြည်နယ်က အခုဆိုရင် အရင်လိုမဟုတ်တော့ဘူးလေ။ အခုဆို အဲရေတံခွန်ကို သွားရောက်လည်ပတ်သူတွေလည်း ရှိနေပြီ၊ အစိုးရက တရားဝင် ဆောင်ရွက်ပေးတော့ ကောင်းတာပေါ့။ ဒေသအတွက်လမ်းတွေ၊ ဒေသဖွံ့ဖြိုးရေးတွေလည်း အရင်ထက် ပိုပြီးကောင်းလာသလို အလုပ်အကိုင်တွေ ရလာတော့မှာဆိုတော့ ၀မ်းသာစရာပေါ့။ ကျမတို့ ပြည်နယ်မှာ လည်ပတ်စရာတွေ အများကြီးပဲမို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ်ကို ၂၀၁၇ စက်တင်ဘာအထိ ပြည်ပဧည့်သည် ၁ သိန်း ၇ သောင်းကျော် ပြည်တွင်းဧည့်သည် ၄သိန်း ၅ သောင်းကျော် ၀င်ရောက်ခဲ့ပြီး တည်းခိုမှုဝင်ငွေအနေနဲ့ အမေရိကန် ဒေါ်လာ ၁ သိန်း ၅ ထောင်ကျော်၊ (မြန်မာ)ကျပ်သိန်းပေါင်း ၇ ထောင် ၆ ရာကျော် ရရှိထားပါတယ်။ ခရီးသွားလာခွင့်ရှိတဲ့ ဘားအံမြို့နယ်၊ မြ၀တီမြို့နယ်နဲ့ သံတောင်ကြီးမြို့နယ်တွေမှာ လိုင်စင်ရ ဟိုတယ်/ မိုတယ် ၁၆ လုံး၊ တည်းခိုခန်း ၁၄ ခု ရှိပြီး တည်ဆောက်ဆဲ ဟိုတယ် ၇ လုံး၊ တည်းခိုခန်း ၁ ခု ထပ်မံတိုးချဲ့ တည်ဆောက်နေတယ်လို့ သက်ဆိုင်ရာဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြိုင်ကြီးငူဒေသရှိ ကျုံထော်ရေတံခွန်မှာ ခရီးစဉ်ဒေသတစ်ခုအဖြစ် အောင်မြင်စွာ ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိ ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အပန်းဖြေသွားရောက် လည်ပတ်မှုကို ယာယီပိတ်ထားရပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024