အိန္ဒိယမှ အံ့ဖွယ် ဦးခေါင်းချင်းဆက် အမြွှာကလေးငယ် ၂ ဦး ခွဲစိတ်မှုအောင်မြင်

ဓာတ်ပုံ - AIIMS
အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာ ဦးခေါင်းချင်းဆက်လျက်သား မွေးဖွားလာခဲ့တဲ့ အမြွှာကလေးငယ် ၂ ဦးကို ဆေးပညာရှင်တွေက အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ဂျာဂါနဲ့ ကာလီယာလို့ အမည်ပေးထားတဲ့ အဲဒီအမြွှာကလေးငယ် ၂ ဦးဟာ ယောက်ျားလေးတွေဖြစ်ကြပြီး ဒီခွဲစိတ်မှုဟာ အချိန် ၁၆ နာရီ ကြာမြင့်ခဲ့တာပါ။ ဒါဟာ အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ရတာမျိုးဖြစ်ပြီး ဒီခွဲစိတ်မှုမှာ ဆရာဝန် အယောက် ၃၀ ပါဝင်ခဲ့ကြတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အမြွှာကလေးတွေဟာ ဦးခေါင်းခွံအတွင်းပိုင်း တစ်သျှူးတွေနဲ့ သွေးကြောတွေပါ တွယ်ဆက်လျက်သား အခြေအနေနဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး ဒါဟာ အကြိမ်ရေ ၃ သန်းမှာ တကြိမ်သာဖြစ်နိုင်တဲ့ ရှားပါးအခြေအနေတခုဖြစ်တယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အိန္ဒိယဆေးသိပ္ပံမှ ဒါရိုက်တာ ရမ်ဒိ(ပ်) ဂူလာရီးယားက “ဒီခွဲစိတ်မှု အောင်မြင်နိုင်ချေ သေချာမှုအတွက် ၁၈ ရက်လောက် အရေးတကြီး စောင့်ကြည့်သွားရမယ်” လို့ ပြောပါတယ်။ အမြွှာကလေးတွေဟာ နိုင်ငံအရှေ့ပိုင်း အိုရီဆာပြည်နယ်တွင်းက ကျေးရွာတရွာမှာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ မွေးဖွားလာမှုဟာ ၂၄ နာရီအတွင်း သေဆုံးသွားဖို့ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ “ကလေး ၂ ယောက်လုံးမှာ တခြား ကျန်းမာရေးပြဿနာတွေလည်း ရှိနေပါတယ်။ ဂျာဂါမှာ နှလုံးရောဂါရှိနေပြီး ကာလီယာကတော့ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေပါတယ်။” တကယ်လို့ သူတို့ ၂ ယောက်လုံးရဲ့ အခြေအနေဟာ ပိုကောင်းမွန်လာခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ဦးခေါင်းခွံတွေကို ပြန်ပြုပြင်ပေးရမှာက နောက်အဆင့်တဆင့်ဖြစ်တယ်လို့ ပလတ်စတစ်ဆာဂျရီ ဆရာဝန် မန်နက်ရှ် ဆင်ဂယ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up