Home
မြန်မာသတင်း
သထုံမြို့တွင် မိုးရွာသွန်းမှုကြောင့် စပါးရိတ်သိမ်းရန် တောင်သူများ အခက်ကြုံ
DVB
·
October 27, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာတွေမှာ မိုးအဆက်မပြတ်ရွာနေလို့ စပါးရိတ်သိမ်းချိန် ဒေသခံတောင်သူတွေ အခက်ကြုံနေတယ်လို့ သိရပါတယ်။ သထုံမြို့နယ်၊ ကျုံပါကျေးရွာက တောင်သူ ဦးစောအောင်ဝင်းလှိုင်က “ရာသီဥတုက ပြောင်းလဲလာတော့ အခက်အခဲဖြစ်ရတာပေါ့။ စပါးတွေ အပွင့်လှမ်း ဝတ်မှုံကူးတဲ့အချိန် မိုးရွာလိုက်တော့ စပါးအဖျင်း များသွားတာပေါ့။ နောက်ဆိုရင် ကိုယ့်ဒေသနဲ့ကိုက်ညီမယ့် စပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုးဖို့ လိုနေပြီ။ အဲဒါမှ မိုးထဲရေထဲမှာလည်း မရိတ်ရတော့သလို အပျက်အစီးလည်း နည်းတာပေါ့” လို့ ပြောပါတယ်။ အခုနှစ် အောက်တိုဘာ ပထမပတ်ကစတင်ပြီး လကုန်ပိုင်းအထိ မိုးတွေ အဆက်မပြတ် ရွာသွန်းနေလို့ ကောက်စောစပါးတွေ ရိတ်သိမ်းဖို့အတွက် လယ်ကွက်ထဲက ရေတွေ ဖောက်ထုတ်နေရပြီး ရေခန်းတာနဲ့ စက်အား လူအားနဲ့ အလျှင်အမြန် ရိတ်သိမ်းသွားဖို့ စီစဉ်နေကြပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောခင်ကျော်မြင့်က “တောင်သူတွေအနေနဲ့ မောင်းညိုချိန်မှာ ရိတ်သိမ်းနိုင်ဖို့ လိုပါမယ်။ အချိန်လွန်မှ ရိတ်သိမ်းရင်တော့ အလေအလွင့်က များနိုင်ပါတယ်။ အရင်ဆုံး လယ်ကွက်ထဲကရေကို ဖောက်ထုတ်ပြီး တလင်းပျောက်စနစ်ဖြစ်တဲ့ ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းနိုင်ဖို့အတွက် ချိတ်ဆက်ပေးလျက်ရှိပါတယ်” လို့ ပြောပါတယ်။ တောင်သူတွေအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ညီတဲ့ သီးနှံပုံစံတွေကို ပြောင်းလဲစိုက်ပျိုးနိုင်စေဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ သီးနှံတွေ ရရှိဖို့အတွက် ဓာတ်မြေသြဇာနဲ့ ရွက်ဖျန်းဆေးတွေကို အလွန်အကျွံ မသုံးကြဖို့နဲ့ သမားရိုးကျ သဘာဝမြေသြဇာတွေကို ပြုလုပ်သုံးစွဲကြဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် တောင်သူအသိပညာပေး လုပ်ငန်းတွေကို မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ နေရာ ၈၉ ခုမှာ ကွင်းဆင်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ ဦးစောခင်ကျော်မြင့်က ဆိုပါတယ်။ သထုံမြို့နယ်အတွင်းရှိ တောင်သူတွေအနေဖြင့် မိုးစပါး အချိန်မီရိတ်သိမ်းနိုင်ရေး၊ ဆောင်းသီးနှံတွေ အချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်နေရပြီး ၂၀၁၇ ခုနှစ် သထုံမြို့နယ်အတွင်း မိုးစပါး ၁၃၁၄၁၆ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024