Live
Home
မြန်မာသတင်း
၂ဝ၁၆ စာပေဗိမာန်စာမူဆုများ ကြေညာ၊ ချစ်နွေမိုး၏ “'ပဲ့တင်သံကောက်ကြောင်း” ဝတ္ထုရှည် ဆုရရှိ
DVB
·
October 27, 2017
၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲမှာ ဆုရရှိတဲ့ စာမူတွေနဲ့ စာရေးဆရာတွေရဲ့ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာပါတယ်။ ဝတ္ထုရှည် ပထမဆုကို ချစ်နွေမိုးရဲ့ ''ပဲ့တင်သံကောက်ကြောင်း''၊ ဒုတိယဆုကို ယွန်းမြတ်မွှန်းသျှန်ရဲ့ ''ငှက်ကလေးတွေ မိုးတိမ်ကြား ပျံနိုင်ကြစေသား''နဲ့ တတိယဆုကို ယိမ်းနွှဲလျှံ၏ ''နှလုံးသားတို့ လန်းဆန်းရာမြေ'' စာမူတွေက ဆုရရှိသွားပါတယ်။ ဝတ္ထုတိုပေါင်းချုပ် ပထမဆုကို သောင်းမြင့်ဦး(ကွမ်းခြံကုန်း)ရဲ့ ‘သကာတွေ့တဲ့နေ့နှင့် အခြားဝတ္ထုတိုများ’၊ ဒုတိယဆုကို ကျော်လွင်(စက်မှု)ရဲ့ ‘သံဝေဂနှင့် သံယောဇဉ် အပါအဝင် အခြားဝတ္ထုတိုများစုစည်းမှု’နဲ့ တတိယဆုကို မောင်နေခြည်(ပြည်)ရဲ့ ‘ထပ်တူကျသော နှလုံးသားများ နှင့် အခြားဝတ္ထုတိုများ’က ရရှိပါတယ်။ ကဗျာပေါင်းချုပ် ပထမဆုကို လင်းခန့်ရဲ့ ''မေတ္တာပန်းချီ လင်းတေးသီ ကဗျာများ''၊ ဒုတိယဆုကို ဆန်လုံးညိုရဲ့ ''သုံးရာသီသခင်နှင့် မြန်မာ့လယ်ယာ ကဗျာများ''၊ တတိယဆုကို မောင်အောင်စုရဲ့ ''ကျွန်ုပ်သခင် ထိုအရှင်သည်နှင့် ဘဝအလှကဗျာများ''ကရရှိပါတယ်။ သုတပဒေသာ(ဝိဇ္ဇာပညာရပ်) ဆုမှာတော့ ဒုတိယဆုကို ဇွဲသန်းသျှင်း(သုံးဆယ်)ရဲ့ ''ပီမိုးနင်းစာများက ပြောသည့် ပီမိုးနင်း ''ကရရှိပြီး၊ တတိယဆုကို ခင်(တောင်ကြီး)ရဲ့ ''တောင်ကြီးမြို့ရဲ့ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံပွဲတော်'' က ရရှိပါတယ်။ သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံပညာရပ်) ဆုမှာ တတိယဆုကို ဒေါက်တာမြင့်သန်း (ညောင်လေးပင်)ရဲ့ ''မြို့ကြီးများနှင့် ကျန်းမာရေးပြဿနာများ''က ရပြီး  ဘာသာပြန်စာပေ ပထမဆုကို ဇာနည်(ဘူမိဗေဒ)ရဲ့ ‘အကြမ်းဖက်ဝါဒ၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး (တရားဥပဒေစိုးမိုးမှုဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး)’က ရရှိသွားပါတယ်။ စာပဒေသာ(ဆောင်းပါး) ပထမဆုကို ကျော်သောင်း(ဘုတလင်)ရဲ့ “ချင်းတွင်းဒေသ ဖောင်သမားဘဝနှင့် အတွေ့အကြုံ စာမျိုးစုံများ''၊ ဒုတိယဆုကို မောင်ချစ်ထွေး (မဟာဝိဇ္ဇာ)ရဲ့ ''မြစ်ဝမဲဇာ မြစ်ညာခိုတောင်''၊ တတိယဆုကို ဇော်လွင်ဦး(ဟင်္သာတ)ရဲ့ ''တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ''က ရရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ ပထမဆုကို ဇော်လွင်ဦး(ဟင်္သာတ) ရဲ့ ''ယင်းနက်''က လည်းကောင်း၊ ဒုတိယဆုကို မအိအိမွန်(ယဉ်ကျေးမှု)ရဲ့ ''ပြတိုက်ပြခန်းများက ပြောသော တိုင်းရင်းသားယဉ်ကျေးမှု''၊ တတိယဆုကို စေတနာလှိုင်(ရေစကြို)ရဲ့ ''မြန်မာမှု ကျောက်ဆစ်အနုပညာ''က လည်းကောင်း ရရှိပါတယ်။ ကလေးစာပေ ဒုတိယဆုကို ဇာနည်ရဲ့ ''မေမေ့ရင်ခွင် ကလေးကဗျာများ''၊ တတိယဆုကို သိင်္ခသူရဲ့ ''မြန်မာ့စိတ်ရင်းနှင့် ကလေးကဗျာများ''ကရရှိပြီး လူငယ်စာပေဆု ဒုတိယဆုကို ချစ်မုန်းငြိမ်းရဲ့ ''အပျံသင်စနှင့် လူငယ်ဝတ္ထုတိုများ''နဲ့ တတိယဆုကို နေမထူးရဲ့ ''အနက်ရောင်လွင်ပြင်''က ရရှိပါတယ်။ ပြဇာတ်စာပေ ပထမဆုကို ဇင်မင်း(သမိန်ထော)ရဲ့ ''အလွမ်းနွေရိပ် ပန်းလှေဆိပ်''၊ ဒုတိယဆုကို မောင်မြေနီ(တမာတော)ရဲ့ ''ကောင်းဖို့ ရွယ်သော ခေတ်ကို အထူးသဖြင့် မျှော်မိတယ်''၊ တတိယဆုကို မောင်စိုးထိုက်(သုံးဆယ်)ရဲ့ ''တာဝန်ကိုယ်စီရှိပါသည်နှင့် အခြား ပြဇာတ်များ''ကရရှိပါတယ်။ စာပေဗိမာန်စာမူဆုရရှိသူတွေကို ဆုကြေးအဖြစ် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငါးသိန်း၊ တတိယဆု သုံးသိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024