Home
မြန်မာသတင်း
၂ဝ၁၆ အမျိုးသားစာပေ တသက်တာဆုကို မောင်သာနိုး၊ သိန်းသန်းထွန်းနှင့် ညိုဝင်းတို့ ရရှိ
DVB
·
October 27, 2017
၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုတွေကို မြန်မာစာပေလောကမှာ လူသိများ ထင်ရှားတဲ့  စာရေးဆရာကြီး ၃ ဦးဖြစ်တဲ့ ဆရာမောင်သာနိုး၊ ဆရာသိန်းသန်းထွန်းနဲ့ ဆရာညိုဝင်းတို့က ရရှိသွားပါတယ်။ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တသက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် အမျိုးသားစာပေ တသက်တာဆုရှင်တွေအဖြစ် ရွေးချယ်ချီးမြှင့်လိုက်တာလို့ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။ ဆုချီးမြှင့်ငွေအဖြစ် အမျိုးသားစာပေ တသက်တာဆုကို ငွေသား ကျပ် ၂၅ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေတဲ့ စာအုပ်တွေကို စိစစ်ရွေးချယ်ပြီး အမျိုးသားစာပေဆုတွေ ချီးမြှင့်ရာမှာ ဝတ္ထုရှည်စာပေဆုကို ညီပုလေး ရေးသားတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ ဝတ္ထုကရရှိပြီး ဝတ္ထုတိုပေါင်းချုပ်ဆုကိုတော့ မင်းဝေဟင် ရေးတဲ့ ‘လရိပ်အောက်က မိုးတိမ်’ မဂ္ဂဇင်း ဝတ္ထုတိုတွေက ရရှိသွားပါတယ်။ ဆိုရှယ်လစ်ခေတ်နောက်ခံနဲ့ ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက်အကြောင်းရေး ထားတဲ့ဝတ္တုနဲ့ အမျိုးသားစာပေဆုရရှိခဲ့တဲ့  စာရေးဆရာညီပုလေးက  “ဝမ်းသာတာပေါ့ဗျာ၊ အရင်အစိုးရ လက်ထက်ဆို ရမှာ မဟုတ်ဘူး။ ဒီဝတ္ထုက ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်အကြောင်းပါ။ ဆရာကြီးက မ.ဆ.လ ခေတ်ကို ကောင်းကောင်းဖြတ်သန်းခဲ့ရ တယ်၊ မ.ဆ.လ ခေတ်နောက်ခံ ဝတ္ထုတပုဒ်၊ မြန်မာပြည်မှာ မှတ်တမ်းတင်ရမယ့် လူတယောက်ကို ကျနော် ဝတ္ထုပုံစံနဲ့ ရေးသားနိုင်ခဲ့တယ်လို့ ခံယူပါတယ်။ ဒီဝတ္ထုက အရင်အစိုးရလက်ထက်ဆိုရင် ရမှာမဟုတ်ဘူး။ ပါတဲ့အကြောင်းအရာတွေ အရေးအသားတွေက မကြိုက်နိုင်တဲ့ အကြောင်းအရာတွေဖြစ်နေတယ်၊ ကျနော်တို့ လက်သန်းမှင် စွန်းခဲ့ပြီး ပြောင်းလဲချိန်တန်ပြီဆိုပြီး ပြောင်းလဲကြတာ ပြောင်းလဲဖို့ ကြိုးစားကြတဲ့ လူတွေရဲ့ ပြောင်းလဲလို့ရသမျှထဲက တခုပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ကဗျာပေါင်းချုပ်စာပေဆုကို ‘ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီယာကဗျာများ’၊ စာပဒေသာဆုကို ကိုခါး(ကွမ်းခြံကုန်း) ရေးတဲ့ ‘ရေနွေးဖန်ဖန် ရေချိုချို’၊ ကလေးစာပေဆုကို မောင်တင်စိုး(သစ်ရာကောက်) ရေးတဲ့ ‘ကဗျာကျောင်းနှင့် ဒေါင်းမလေးကလေး ကဗျာများ’၊ လူငယ်စာပေဆုကို ယမင်းမြတ်အေး ရေးတဲ့ ‘အိမ်မက်ချိုချို ဘဝခါးခါး’၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုကို မောင်နိုင်(ဒဿနိက) ရေးတဲ့ ‘ရှေးမြန်မာ သင်္ဘောတော်ကြီးများနှင့် ရေကြောင်းအတတ်ပညာလေ့လာမှု’၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုကို ကျော်ဦးရဲ့ ‘မိုးရေလှောင်ကန်’ စာအုပ်က ရရှိသွားပါတယ်။ နိုင်ငံရေးစာပေဆုကို ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း) ရေးတဲ့ ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း’၊ အင်္ဂလိပ်ဘာသာ (သုတ)ဆုကို ဒေါက်တာခင်မောင်ညွန့် ရေးတဲ့ ‘The Historic Bells of Yagon’ (သမိုင်းသုတေသနနဲ့ အမျိုးသား စာကြည့်တိုက်ဦးစီးဌာန)တို့ကို ရွေးချယ်ဆုချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ဘာသာပြန်စာပေဆုကိုတော့ အမျိုးသားစာပေဆုရွေးချယ်ရာမှာ ထည့်သွင်းချီးမြှင့်ခဲ့ခြင်းမရှိပါဘူး။ ဆုကြေးအဖြစ် အမျိုးသားစာပေဆုတဆုကို ငွေသား ကျပ် ၁၅ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမှာ ချီးမြှင့်သွားမှာ ဖြစ်ပေမယ့်  ကျင်းပမယ့်  အချိန်နဲ့ နေ့ရက်၊ နေရာကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024