အိန္ဒိယနိုင်ငံတွင် ဆွစ်ဇာလန်ခရီးသွားစုံတွဲ တိုက်ခိုက်ခံရ

ဓာတ်ပုံ - Laxmi Kant
အိန္ဒိယနိုင်ငံရှိ တပ်ဂ်ျမဟာနဲ့ ၂၇ မိုင်အကွာမှာရှိတဲ့ အက်ဂရာခရိုင်၊ ဖာတက်ပူဝါဆစ်ကရီမြို့က အထိမ်းအမှတ် အဆောက်အအုံမှာ ဆွစ်ဇာလန်နိုင်ငံ ခရီးသွားစုံတွဲတတွဲ အိန္ဒိယအမျိုးသားအုပ်စုတစုရဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ခရီးသွားစုံတွဲဖြစ်တဲ့ ကွမ်တင်ဂျရက်မီကလာ့က်နဲ့ မေရီဒရောက်ဇ်တို့ ၂ ဦးဟာ အောက်တိုဘာ ၂၂ ရက်နေ့က အိန္ဒိယအမျိုးသားအုပ်စုနဲ့ စကားများ ရန်ဖြစ်ပြီးနောက် တိုက်ခိုက်ခံခဲ့ရတာပါ။ မစ္စတာကလာ့က်က ခေါင်းကွဲသွားပြီး မစ္စဒရောက်ဇ်က လက်ကျိုးသွားတယ်လို့ ဒေသခံသတင်းဌာနက အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပြီး သူတို့ ၂ ဦးကို ဒေလီမြို့က ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ အိန္ဒိယအမျိုးသားတွေက ခရီးသွားစုံတွဲကို ဓာတ်ပုံရိုက်ခဲ့ရာက စကားများခဲ့တာဖြစ်တယ်လို့ မစ္စတာကလာ့က်က သည်တိုင်းမ်စ်အော့ဖ်အိန္ဒိယ သတင်းဌာနကို ပြောခဲ့ပါတယ်။ အဲဒီအမျိုးသားတွေက မစ္စဒရောက်ဇ်ကို သူတို့နဲ့အတူ ဆယ်လ်ဖီရိုက်ဖို့ အတင်းတွန်းအားပေးခဲ့ပြီး တနာရီလောက်ကြာအောင် သူတို့နောက်က လိုက်ခဲ့တယ်၊ အဲ့ဒီနောက် သူတို့ ၂ ဦးကို တုတ်တွေနဲ့ ရိုက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အခုလိုရိုက်နှက်ခဲ့တဲ့သူတွေကို သိရှိပြီး မကြာခင်မှာ ဖမ်းဆီးသွားမယ်လို့ အက်ဂရာရဲအရာရှိက ပြောပါတယ်။ “စုံတွဲက ရဲစခန်းရောက်လာလို့ ကျနော်တို့ သူတို့ကို ဆေးရုံပို့လိုက်တယ်။ သူတို့က အမှုတော့ မဖွင့်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီအမျိုးသား ၄ ဦးကို အမှုဖွင့်ထားတယ်။” အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၆ ရက်နေ့မှာ ဒီအမှုနဲ့ပတ်သက်ပြီး အစီရင်ခံစာတင်ဖို့ အူတာပရာဒဲ့ရှ်ပြည်နယ် အစိုးရကို တောင်းဆိုထားတယ်လို့လည်း အောက်တိုဘာ ၂၆ ရက် ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up