အင်ဒိုနီးရှား မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ် လူ ၂၀ ကျော်သေဆုံး၊ ဒါဇင်နှင့်ချီဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံ တခု မီးလောင်ပေါက်ကွဲမှု ဖြစ်လို့ အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူ ဒါဇင်နဲ့ချီကာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတွေက ပြောလိုက်ပါတယ်။ မြို့တော် ဂျကာတာရဲ့ အနောက်ဖက် တန်ဂျရန်မြို့ စက်မှုဇုန်မှာ အောက်တိုဘာ ၂၆ ရက်နေ့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “မီးလောင်ခံရသူတွေကို ဘေးကင်းရာနေရာတွေဆီ ကျနော်တို့ ရွှေ့ပြောင်းပေးနေတုန်းပဲ” လို့ တန်ဂျရန်မြို့ ရဲချုပ် ဟာရီကာနီရာဝန်က အေဖက်ပီသတင်းဌာနကို ပြောပါတယ်။ ရုပ်သံထဲမှာ စက်ရုံထဲကနေ မီးခိုးတွေအများကြီး ထွက်လာတာတွေ့ရပြီး မီးတောက်လောင်မှုကို ငြိမ်းသက်နိုင်ခဲ့ပေမယ့် မီးလောင်မှုမှာ သေကြေဒဏ်ရာရတဲ့ အရေအတွက် အတိအကျကို အတည်ပြုနိုင်အောင် လုပ်နေတုန်းလို့ ဆိုပါတယ်။ “ဒီစက်ရုံမှာက စုစုပေါင်း အလုပ်သမား ၁၀၃ ယောက် အလုပ် လုပ်တယ်” လို့ ဂျကာတာရဲဌာနက အထွေထွေမှုခင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ နစ်ကိုအဖင်တာက အင်ဒိုနီးရှား ကွန်ပက်စ်ရုပ်သံသတင်းဌာနကို ပြောလိုက်ပြီး ၄၃ ဦး ဒဏ်ရာ ရထားတယ် ဆေးရုံ ၃ ရုံမှာ ကုသမှု ခံယူနေတယ် သေဆုံးသူ ၂၃ ဦးရဲ့အလောင်းတွေကို တွေ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အဆောက်အအုံရဲ့ အခြားအပိုင်းတွေ ပြိုကျခဲ့ပြီး အနားက ကားတွေလည်း မီးလောင်ခဲ့ပါတယ်။ ဒီစက်ရုံက အလုပ်လုပ်နေတာ ၆ ပတ် လောက်ပဲ ရှိသေးတယ်လို့ ဒေသခံအစိုးရ အာဏာပိုင်တွေက မက်ထရိုရုပ်သံသတင်းဌာနကို ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up