ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၂၉) နှစ်ပြည့်ကျင်းပ
ဇေယျာချမ်းအေး
·
October 26, 2017
လူငယ်နိုင်ငံရေးသမားတွေကို ပါတီရဲ့အရေးကြီးတာဝန်တွေ စတင်ပေးအပ်နေပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။
ပါတီသက်တမ်း ၂၉နှစ်ပြည့်အထိမ်းမှတ် ဒီကနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အောင်မြေဘုံသာကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာပြောကြားခဲ့တာပါ။
ပါတီရဲ့အရေးကြီးတာဝန်ယူထားတဲ့ ဦးခွန်ထွန်းဦးအပါအဝင် ခေါင်းဆောင်တွေဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် လူငယ်နိုင်ငံရေးသမားတွေကို ပါတီရဲ့ အရေးကြီးတာဝန် တွေစမ်း သပ်ပေးအပ်ရတာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။
၁၉၈၈ ခုနှစ်မှာ စတင်မှတ်ပုံတင်ထူထောင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံး အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်ဖွဲ့ကာ နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။
အခုအချိန်အထိလည်း ၁၉၈၈ ပါတီစတင်ထူထောင်စဉ်က ပါတီမူဝါဒတွေချမှတ်ခဲ့တဲ့အတိုင်း အပြောင်းအလဲမရှိဘဲ ပြည်သူ့အကျိုးကို ရှေးရှုသွားမယ်လို့လည်း ပါတီခေါင်းဆောင်က ဆက်ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှမ်းပြည်အခြေစိုက်ရှမ်းတိုင်းရင်းသားပါတီ ၃ခုထဲမှာ အင်အားအကြီးဆုံးပါတီဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အောင်မြင်မှုရခဲ့တဲ့ပါတီ လည်း ဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံတကာ သံတမန်တွေနဲ့ မိတ်ဆွေနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြပါတယ်။
အက်စ်အန်အယ်လ်ဒီပါတီရဲ့ ၂၉ နှစ်တာကာလအတွင်း စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး အတွက်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ထားပါတယ်။