လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု မင်းသမီးတဦး၏ စွပ်စွဲချက် သမ္မတဟောင်း ဘုရှ် တုံ့ပြန်

လွန်ခဲ့တဲ့ ၄ နှစ်က သမ္မတရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ပြောဆိုခဲ့တဲ့ မင်းသမီးတဦးရဲ့ စွပ်စွဲချက်ကို အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်က တုံ့ပြန်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက သမ္မတနဲ့အတူ အုပ်စုလိုက် ဓာတ်ပုံရိုက်ဖို့ ကြုံခဲ့စဉ်မှာ လက်တွန်းလှည်းပေါ်မှာ ထိုင်နေရတဲ့ သမ္မတဟောင်းက သူ့ကို မရိုးမသား ထိတွေ့ကိုင်တွယ်ခဲ့တယ်လို့ မင်းသမီးတဦးဖြစ်တဲ့ ဟီသာလင်းက ပြောဆိုလိုက်တာပါ။ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “လတ်တလော ဟာရီကိန်းမုန်တိုင်းတိုက် ခံရတဲ့ ပြည်နယ်တွေအတွက် အကူအညီပေးဖို့ သမ္မတဟောင်းတွေ အတူစုစည်းခဲ့ကြတယ်။ အဲဒီပွဲမှာ သမ္မတအိုဘားမားက ဂျော့ခ်ျဘုရှ်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့ဓာတ်ပုံကို မြင်လိုက်ရပြီး ကျမ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်" လို့ ရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့တာပါ။ “အကူအညီပေးဖို့အတွက် သမ္မတဟောင်းကို ရွေးခဲ့ကြလို့ ကျမ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့ ကျန်တဲ့အမျိုးသားတွေကိုတော့ လေးစားဂုဏ်ယူပါတယ်။” လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သမိုင်းဆိုင်ရာ ရုပ်သံပြပွဲ မြှင့်တင်ရေးအတွက် မင်းသမီး အလုပ်လုပ်ရချိန်မှာ ဂျော့ခ်ျဘုရှ်နဲ့တွေ့ဖို့ ကြုံလာခဲ့တယ်လို့ မင်းသမီးက ပြောပါတယ်။ “ကျမ ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြချိန်မှာ သူက ကျမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်။ သူ့ဇနီး ဘာဘရာဘုရှ်ကို ဘေးမှာထားပြီး ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကျမရဲ့ ခန္ဓာကိုယ် အနောက်ဘက်ပိုင်းကို ကိုင်ခဲ့တယ်။ သူ ကျမကို လက်ဆွဲနှုတ်မဆက်ခဲ့ဘူး။ ညစ်ညမ်းတဲ့ ဟာသလည်း ပြောခဲ့သေးတယ်။ ဓာတ်ပုံရိုက်ချိန် ခနလေးမှာလည်း ကျမကို ထပ်ကိုင်ခဲ့သေးတယ်။” မင်းသမီးက ရုပ်သံပြပွဲ မြှင့်တင်ရေးလို့ ပြောခဲ့ပြီး ဘယ်မှာလုပ်ခဲ့တဲ့ ဘာအခမ်းအနား ဆိုတာတော့ အသေးစိတ် မပြောခဲ့ပါဘူး။ ဒီစွပ်စွဲမှုနဲ့ပတ်သက်ပြီး သမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျင်မ်မက်ဂရက်သ်က အောက်တိုဘာ ၂၅ ရက်နေ့မှာ စီအန်အန် သတင်းဌာနကို သတင်းထုတ်ပြန် ပေးပို့ခဲ့တာပါ။ “သမ္မတဘုရှ်အနေနဲ့ ဘယ်အခြေအနေမျိုးမှာမဆို ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ မစ္စလင်းကို ပြောခဲ့တဲ့ ဟာသကလည်း စော်ကားသလို ဖြစ်ခဲ့ရင် သူ ရိုးရိုးသားသားနဲ့ တကယ်ကို တောင်းပန်တယ်” လို့ ပြောပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ “အသက် ၉၃ နှစ်အရွယ် သမ္မတဘုရှ်ဟာ ဘီးတပ်ကုလားထိုင်နဲ့ နေခဲ့ရတာ ၅ နှစ်နီးပါး ရှိပါပြီ။ ဒါကြောင့် သူ့ရဲ့လက်တွေက သူနဲ့ ဓာတ်ပုံတွဲရိုက်သူတွေရဲ့ ခါးအောက်ပိုင်းလောက်မှာ ရှိနေပါတယ်။ ပြီးတော့ သူဟာ လူတွေ သက်သောင့်သက်သာရှိအောင် ဟာသတွေလည်း ပြောတတ်ပါတယ်။ အခမ်းအနားတွေမှာ အမျိုးသမီးတွေကို ဖွဖွပုတ်တာမျိုးတောင် လုပ်ခဲပါတယ်။ ဒီလိုဖြစ်တာကို တချို့ကလည်း ဘာသဘောမှ မဟုတ်ဘူးလို့ ယူဆပြီး တချို့ကလည်း မရိုးသားဘူး၊ မသင့်တော်တာလုပ်တယ်လို့ မြင်ကြပါတယ်။ ဘယ်သူ့ကိုမဆို သူ စော်ကားမိခဲ့ရင် သမ္မတက အရိုးသားဆုံး တောင်းပန်ကြောင်း” ဖော်ပြထားခဲ့ပါတယ်။ မစ္စလင်းနဲ့ သမ္မတဟောင်းဘုရှ်၊ သမ္မကတော် ဘာဘရာဘုရှ်တို့ အတူပါဝင်ခဲ့တဲ့ ဓာတ်တ်ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံအကြောင်းနဲ့ ပတ်သက်ပြီး သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ် တင်ထားရာကနေ ဘာကြောင့်ဖျက်လိုက်တာလဲလို့ စီအန်အန်သတင်းဌာနက မင်းသမီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူက ဘာမှတ်ချက်မှ မပေးခဲ့ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up