Home
မြန်မာသတင်း
အိုင်တီနည်းပညာအလွဲသုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းရန်ကိစ္စ လွှတ်တော်၌ဆွေးနွေး
DVB
·
October 26, 2017
  မီဒီယာလွတ်လပ်ခွင့်နဲ့ ပြည်သူတို့ရဲ့သတင်းသိပိုင်ခွင့်တွေကို မထိခိုက်စေဘဲ အိုင်တီ နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနဲ့ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက် ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က “နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူများတွင် Internet အသုံးပြုသူ ရာနှုန်းပြည့်နီးပါး လူမှုကွန်ရက်၊ Social Network များဖြစ်သည့် Facebook၊ Instagram၊ Twitter များထဲတွင် Facebook ကို အထူးအသုံးပြုကြပါကြောင်း၊ လူမှုကွန်ရက်မှ တဆင့် တရားမ၀င် လောင်းကစားမှု၊ တရားမ၀င်ရောင်းဝယ်မှု၊ တဦးတယောက်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖြန့်ချိမှု၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်စေသည့် သတင်းမှားများ လုပ်ကြံဖန်တီးမှုတို့ကြောင့် ရာဇ၀တ်မှုခင်းများထဲတွင် သက်ငယ်မုဒိမ်းမှုများ၊ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများ မြင့်တက်နေသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါကြောင်း၊” ဆွေးနွေးသွားပါတယ်။ ဒါ့အပြင် လူငယ်၊ လူရွယ်တွေ စိတ်ဓာတ်ပျက်ပြားပြီး အကျင့်စာရိတ္တတွေ ပိုမိုပျက်စီး လာတာဟာ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာစေပါကြောင်း၊ နိုင်ငံတော် အစိုးရမှ IT နည်းပညာကို အသုံးပြုရာတွင် ရည်ရွယ်ချက်ဆိုးနဲ့ သုံးစွဲမှုတွေကို စောင့်ကြည့်ထိန်း ကျောင်းရန် လိုအပ်လာပြီဟု ယူဆမိပါကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ပြည်သူတို့ရဲ့ သတင်းသိပိုင်ခွင့်တွေ ကို မထိခိုက်စေဘဲ စနစ်တကျရှိတဲ့ နည်းလမ်းတွေရှာဖွေပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရမှ IT နည်းပညာ အလွဲသုံးစွဲမှုတွေကို စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်ပေးပါရန် ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်လို့ လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင်က ထောက်ခံ ဆွေးနွေးခဲ့ပြီး နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က  အဆိုနှင့်စပ်လျဉ်းလို့  လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်း နိုင်တယ်လို့ ကြေညာသွားပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024