ပုလဲမြို့နယ်မှာ ရွေးကောက်ပွဲမတိုင်ခင် တရက်အလို လူငယ်တဦး သေဆုံး
DVB
·
April 1, 2012
ပုလဲမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ညောင်တုန်းရွာမှာ မတ် ၃၁ ရက်ညက ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖြတ်ညှပ်ကပ်ပြီး ညစ်ညမ်းဗွီဒီယို ပြသတဲ့အပေါ် မကျေနပ်သူက ဓားနဲ့ထိုးတဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင် လူငယ် မောင်ဝင်းမင်းသန်းဆိုသူ သေဆုံးခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အန်အယ်လ်ဒီ သတင်းပြန်ကြားရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ထူးခြားဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေရှိသေးလဲ။
“မနေ့ညက ဖြစ်တာပါ။ မဲဆွယ်ပွဲနဲ့ မဆိုင်ပါဘူး။ ညောင်တုန်းဆိုတဲ့ ရွာလေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ဗီဒီယိုညစ်ညမ်းခွေအဖြစ် ပြတဲ့ဟာနဲ့ ပတ်သက်ပြီး လူသတ်မှုဖြစ်တယ်။ ပုလဲမြို့ရဲ့ အနောက်ဖက် ၂ မိုင်ကျော်၊ ၃ မိုင်လောက် ဝေးတဲ့ရွာလေးမှာဖြစ်တာ။”
ဘယ်လိုကစဖြစ်တာလဲ။ ဘာတွေဖြစ်သွားလဲ။
“၀င်းမင်းသန်းဆိုတဲ့ ကြံ့ခိုင်ရေးပါတီဝင် ကလေးတယောက် အသတ်ခံရတယ်။ အန်အယ်လ်ဒီက လူတယောက်လည်း ခေါင်းကွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေကို ဗွီဒီယိုရုံမှာပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကွန်ပြူတာနဲ့ ဖြတ်ညှပ်ကပ်လုပ်တာကို ပြတာပေါ့။ လူငယ်တွေက မခံနိုင်လို့ ရန်ဖြစ်တဲ့ အခါကျတော့ ဒါတွေက ကြံ့ခိုင်ရေးက ဦးစီးလုပ်တာကို၊ သေတဲ့ကောင်လေးက အသက် ၂၀ လောက်ရှိတယ်။”
သေဆုံးသူက ကြံ့ခိုင်ရေးပါတီဝင်ဆိုတာကို ဘယ်လိုသိတာလဲ။
“ညောင်တုန်းရွာက၊ ရွာတွေကတော့ ဘယ်သူဘယ်ကသိတာပေါ့။ ကျနော်တို့ဆီလည်း သတင်းဝင်လာပါတယ်။”
သတ်တဲ့သူက ဘယ်သူလဲ။
“သတ်တဲ့သူနာမည်တော့ မပါဘူး။ မသိရဘူး။”