မြန်မာ-တရုတ်နယ်စပ် မူဆယ်တွင်လေယာဉ်ကွင်းသစ် ဆောက်လုပ်မည်
DVB
·
October 26, 2017
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ လေယာဉ်ကွင်းသစ်ဆောက်လုပ်ဖို့ရှိပြီး မြ၀တီမြို့နဲ့ ပြင်ဦးလွင်မြို့တွေမှာတော့ လေဆိပ်ဆောက်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုး ကပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ လှိုင်မြို့နယ်လွှတ်တော်အမတ် ဦးအောင်ကျော်ကျော်ဦးက မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ မြ၀တီမြို့တွေမှာ လေယာဉ်ကွင်းဆောက်လုပ်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုး က မူဆယ်ဒေသနေ ပြည်သူတွေအနေနဲ့ အစိုးရဌာနကိစ္စတွေ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကိစ္စတွေအတွက် မြို့ကြီးတွေကို လွယ်ကူစွာနဲ့ အချိန်မီ သွားလာနိုင်ရေး၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး တို့အတွက် မူဆယ်မြို့မှာ လေယာဉ်ကွင်းအသစ်ကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ PPP စနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးကိုတင်ပြခဲ့ရာ မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီးဖြစ်လို့ တင်ဒါခေါ်ယူတဲ့ လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။
မြဝတီမြို့မှာတော့ လေယာဉ်ကွင်းဟောင်းမြေနေရာ မရှိတဲ့အပြင် လေယာဉ်ကွင်းတည်ဆောက်ဖို့ မြေနေရာရှာဖွေဆောင်ရွက်ထားတာမရှိလို့ လေယာဉ်ကွင်းသစ် တည်ဆောက်မယ်ဆိုပါက သက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့နဲ့ သင့်တော်ပြီး လုံလောက်တဲ့ မြေနေရာကို ကွင်းဆင်း ရှာဖွေရွေးချယ်ဖို့ လိုအပ်မယ်၊ ခုချိန် မြဝတီမြို့မှာ လေယာဉ်ကွင်းသစ် ဖောက်လုပ်ဖို့ စီစဉ် လျာထားတာ မရှိပါကြောင်း ပြောသွားပါတယ်။
အလားတူ ပြင်ဦးလွင်အနီးစခန်း လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိမရှိ ပြင်ဦးလွင်အမတ် ဒေါက်တာဦးအောင်ခင်ရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီးလည်း ပြင်ဦးလွင်မြို့ဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဒေသခံတွေက မော်တော်ယာဉ်တွေကို ပိုမိုအသုံးပြု ခရီးသွားလာတာ၊ လေယာဉ်စီးခရီးသည်တွေ ရရှိမှု နည်းပါးတာ၊ ဈေးကွက် အခြေအနေအရ လေကြောင်းလိုင်းတွေ တွက်ချေမကိုက်တာတွေ ကြောင့် အနီးစခန်းလေဆိပ်ကို ခရီးသည်တင် လေယာဉ်တွေ ပျံသန်းပြေးဆွဲပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဒု-ဝန်ကြီး ဦးကျော်မျိုးက လွှတ်တော်မှာပြောသွားပါတယ်။