စပါးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူပြီး ဝက်စ်ဟမ်း လိဂ်ဖလားကွာတားတက် (ရုပ်သံဟိုက်လိုက်)

2.4K
အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဘောလုံးပြိုင်ပွဲ စတုတ္ထအဆင့် ပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ မနေ့ညကယှဉ်ပြိုင်ရာ ဝက်စ်ဟမ်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို အနားပေးခဲ့ပြီး ဆွန်ဟောင်မင်၊ လော်ရန်တေး၊ အယ်လီ၊ ဆစ်ဆိုခို တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဝက်စ်ဟမ်းကတော့ ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ သေချာပြင်ဆင်ခဲ့ပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်ပါ အသာစီးရယူနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေလည်း ရခဲ့ပါတယ်။
ပွဲအစ ၆ မိနစ်မှာပဲ ဆစ်ဆိုခိုက ပထမဂိုး၊ ၃၇ မိနစ်မှာ အယ်လီက ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ စပါးအသင်း ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒါပေမယ့်လည်း စပါးအသင်းဟာ ပထမပိုင်း အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။
ပွဲချိန် ၅၅ မိနစ်နဲ့ ၆၀ မှာ ဝက်စ်ဟမ်းတိုက်စစ်မှူး အေ အယူးက နှစ်ဂိုးသွင်းပေးခဲ့သလို မိနစ် ၇၀ မှာ အော့ဂ်ဘွန်နာက တတိယဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဝက်စ်ဟမ်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။
ဒီပွဲအနိုင်ရတဲ့ ဝက်စ်ဟမ်းအသင်းက လိဂ်ဖလား ကွာတားဖိုင်နယ် တက်ရောက်သွားပြီး စပါးအသင်းကတော့ ပြိုင်ပွဲက ထွက်သွားခဲ့ရပြီ ဖြစ်ပါတယ်။