ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ

ဓာတ်ပုံ - ထက်လူ
2.4K
၂၀၁၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ် ဗိုလ်စွဲပြီး ဒိုင်းဆုရရှိသွားပါတယ်။
ဒီနေ့မှာ ရှမ်းယူနိုက်တက်အသင်းဟာ ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်အသင်းဘက်ကို အချိတ်အဆက်မိမိနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၄၅ မိနစ်မှာ မက်ဆီမင်က အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း ရှမ်းယူနိုက်တက်အသင်းကပဲ ဆက်လက်ဖိအားပေး ကစားခဲ့ပြီး ပွဲကစားချိန် ၅၆ မိနစ်မှာ ခရစ္စတိုဖာက ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။
ဒီနောက် ရန်ကုန်ယူနိုက်တက်က ချေပဂိုးရဖို့ ကြိုးပမ်းလာခဲ့ပြီး ပွဲကစားချိန် မိနစ် ၆၀ မှာ တိုက်စစ်မှူး ဆီဇာက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ပွဲပြီးဆုံးချိန်ထိ ရှမ်းယူနိုက်တက်အသင်းကပဲ ဖိအားပေး ကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲထိ ရောက်ရှိခဲ့ပေမယ့် မကွေးအသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ပဲ ရှုံးနိမ့်ခဲ့တာကြောင့် ၂ နှစ်ဆက် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။